ဥရောပကို အစ္စလာမ် မုဒိမ်းကျင့်မှုမှာ ရှည်လျားသည့် ဘာသာရေးစစ်ပွဲသမိုင်း၏ တစ်စိတ်တစ်ပိုင်းဟု ပိုလန်မဂ္ဂဇင်း ပြော

ဥရောပကို အစ္စလာမ် မုဒိမ်းကျင့်မှုမှာ ရှည်လျားသည့် ဘာသာရေးစစ်ပွဲသမိုင်း၏ တစ်စိတ်တစ်ပိုင်းဟု ပိုလန်မဂ္ဂဇင်း ပြော

လန်ဒန်၊ ဖေဖော်ဝါရီ-၂၁ ။             ။ နာမည်ကြီး လကျ်ာပိုလန် အပတ်စဉ်သတင်းစာတစ်စောင်ဖြစ်သည့် wSieci (သို့မဟုတ်) ကွန်ရက် (The Network)က ယခုတစ်ပတ်တွင် ဒေါသကို ဆွပေးသည့် မဂ္ဂဇင်းအဖုံးကို ပုံနှိပ်ထုတ်ဝေလာခဲ့သည်။

ဥရောပသမဂအလံကို လျော့တိလျော့ရဲ ဝတ်စားထားသည့် ရွှေရောင်ဆံပင်နှင့် မိန်းမတစ်ယောက်ကို ယောကျ်ားသုံးယောက်က ပွတ်သပ်ကိုင်တွယ်နေပုံဖြစ်သည်။ စော်ကားပြုကျင့်သူများ၏ မည်းနက်သော လက်များကိုသာ မြင်ရသော်လည်း “ဥရောပကို အစ္စလာမ် မုဒိမ်းကျင့်ခြင်း”ဟူသော စာသားများ မပါဘဲနှင့်ပင် ပေးချင်သော မက်ဆေ့ချ်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

ဒေးလီးမေးသတင်းစာ၏ ဖော်ပြချက်အရ မီဒီယာနဲ့ ဘရပ်ဆဲ အာဏာပိုင်တွေက ဥရောပလူထုကို ဘာတွေဖုံးကွယ်ထားသလဲဆိုတာကို ဖွင့်ပြဖို့ ရည်ရွယ်တာပါဟု ပိုလန်မဂ္ဂဇင်းက ပြောကြားသည်ဟု ဆိုသည်။

အယ်ဒီတာ့အာဘော်တွင်လည်း ငရဲ ဥရောပဟု ခေါင်းစဉ်တပ်ကာ၊ နှစ်သစ်ကူးအကြို ဂျာမနီ ကိုလုန်းမြို့နှင့် အခြား ဥရောပမြောက်ပိုင်းမြို့များတွင်  စိတ်မချမ်းမြေ့ဖွယ်ရာများ ဖြစ်ပွားစေခဲ့သည့် ခန္တီစနှင့် နိုင်ငံရေးမှန်ကန်မှု ယဉ်ကျေးမှုကို ဝေဖန်တိုက်ခိုက်ထားသည်။

အာရပ် (သို့မဟုတ်) မြောက်အာဖရိကနွယ်ဖွားများ ဖြစ်ပုံရသည့် ယောကျ်ားအုပ်စုများက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရာဇဝတ်မှုမြောက်သည့် သောင်းကျန်းမှုများကို ပြုလုပ်လျှက်ရှိရာ မုဒိမ်းမှု၊ လိင်ပိုင်းစော်ကားမှုနှင့် အခြားမဖွယ်မရာအမှုများနှင့် ပတ်သည့် ရာနှင့်ချီသည့် တိုင်တန်းချက်များ ရဲဌာနသို့ ရောက်ရှိလာခဲ့သည်။

စစ်ဒဏ်ခံ ဆီးရီးယားမှ အလုံးအရင်းနှင့် လှိမ့်ဝင်လာနေသည့် ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များကို ကြိုဆိုနေသည့် ဥရောပသမဂ္ဂ၏ ပေါ်လစီများကို လူထုများက တိုး၍ မကျေမနပ်ဖြစ်လာနေချိန်တွင် အဆိုပါဖြစ်ရပ်များက မြွေပူရာကင်းမှောင့် ဖြစ်နေခဲ့သည်။       

လကျ်ာစွန်း အမေရိကန် သတင်းဝဘ်ဆိုက်ဖြစ်သည့် ဘရိတ်ဘာ့ (Breitbart)က wSieci’s ၏ မျက်နှာဖုံးဆောင်းပါးကို ကောက်နှုတ်၍ ယဉ်ကျေးမှုများ တွန်းတိုက်မိခြင်း အကြောင်းအရာကို အသေးစိတ် ရေးသားထားသည်။

အရှေ့တိုင်း အစ္စလာမ်နှင့် အနောက်တိုင်း ခရစ်ယာဉ်တွင် ယဉ်ကျေးမှု၊ ဗိသုကာ၊ ဂီတ၊ အစားအသောက်နှင့် ဝတ်စားဆင်ယင်မှု စသည့် အခြေခံကျသည့် ကွဲလွဲချက်များကို ထောက်ပြရင်း ထိုကမ္ဘာနှစ်ခုမှာ လွန်ခဲ့သည့် ရာစုနှစ် ၁၄ခုလုံးလုံး စစ်မက်ဖြစ်ပွားနေခဲ့ပြီး၊ ယခုဆိုလျှင် ကမ္ဘာကြီးမှာ ဥရောပအဟောင်း နိုင်ငံများတွင် ယဉ်ကျေးမှုနှစ်ခု၏ ကြီးမားသော တွန်းတိုက်မှုကို မျက်ဝါးထင်ထင် မြင်နေကြရပြီဖြစ်ကြောင်း အယ်ဒီတာ့အာဘော်တွင် ရှင်းပြထားသည်။

အဆိုပါ တွန်းတိုက်မှုကို ဥရောပသို့ ရောက်လာသည့် မွတ်စလင်များက ဆောင်ကျဉ်းလာခဲ့ကြခြင်းဖြစ်ပြီး၊ အနောက်ဥရောပ၏ ဓမ္မဒိဌာန်အသိများနှင့် ဖီလာဆန့်ကျင်နေသောကြောင့် ဌာနေ ဥရောပသားများနှင့် ၎င်းတို့၏ ဧည့်သည်အသစ်များကြားတွင် ပဋိပက္ခမှာ ရှောင်လွှဲ၍ မရနိုင်ကြောင်း ရေးသားထားသည်။

အစ္စလာမ် (သို့မဟုတ်) အာရပ်များက ဥရောပကို သိမ်းပိုက်လိမ့်မည်ဟူသော ပြောဆိုချက်များမှာ အသစ်အဆန်းမဟုတ်ဘဲ မကြာသေးမီလများတွင် လူပြောသူပြောများလာခဲ့ကာ  တပြည်သားများကို ရွံမုန်းသည့် တက်ကြွလှုပ်ရှားသောအုပ်စုများသာမက ၊ နိုင်ငံရေးခေါင်းဆောင် ပါတီများကပါ ဝါဒဖြန့်လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly