သန်းခေါင်စာရင်းမှကျန်နေသည့် လုပ်ငန်းနှင့်အလုပ်အကိုင်အချက်အလက်များ မကြာမီထုတ်ပြန်မည်

သန်းခေါင်စာရင်းမှကျန်နေသည့် လုပ်ငန်းနှင့်အလုပ်အကိုင်အချက်အလက်များ မကြာမီထုတ်ပြန်မည်
(ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ။ ။ ပြည်လုံးကျွတ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းမှကျန်ရှိနေသည့် လုပ်ငန်းနှင့် အလုပ်အကိုင်အချက်အလက်များကို မကြာမီ အချိန်အတွင်း ထုတ်ပြန်ပေးနိုင်တော့မည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

"လုပ်ငန်းအမျိုးအစားနဲ့ အလုပ်အကိုင်ကို မေးခွန်းတွေအားလုံးကနေ စိစစ်ပြီး ထုတ်ဝေဖို့ စာအုပ်ရိုက်နေပြီ၊ စာအုပ်ကို UNFPA က တာဝန်ယူပြီးလုပ်နေတယ်။ ပြီးတော့မယ်။ သူတို့ပြီးတာနဲ့ တခါတည်းထုတ်ပြန်သွားမှာ၊ ရက်ကိုတော့ အတိအကျ သတ်မှတ်ပြောလို့မရဘူး။ ဒီအတောအတွင်းပဲဖြစ်နိုင်မယ်။" ဟု ဦးမြင့်ကြိုင်က ပြောသည်။

မတ်လ ၃၁ရက်မှ ဧပြီလ ၁၀ရက်ထိ ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄ သန်းကျော်ထိ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ခုနှစ် မေလတို့တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယခုထုတ်ပြန်မည့် အလုပ်အကိုင်နှင့် လုပ်ငန်းအချက်အလက်များသည် ၂၀၁၄ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ခုနှစ် မေလတို့တွင် ထုတ်ပြန်နိုင်ခြင်းမရှိသဖြင့် ကျန်ရှိနေခြင်းဖြစ်သည်။ အလုပ်အကိုင်နှင့် လုပ်ငန်းဆိုင်ရာအချက် အလက်များကို မကြာမီထုတ်ပြန်နိုင်မည်ဖြစ်သော်လည်း ဘာသာနှင့် မျိုးနွယ်စု အချက်အလက်များကမူ စိစစ်တွက်ချက်မှု မပြီးဆုံးသေးသဖြင့် ကျန်ရှိနေသေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံတကာ လူဦးရေရံပုံငွေအဖွဲ့နှင့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ရက်အထိ ၁၂ရက်ကြာအောင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင် မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း ၁၁သန်းကို မေးခွန်း ၄၁ခုအထိ မေးမြန်းကာ အချက်အလက် ကောက်ခံခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required