မဇ္ဈိမရဲ့ အလှဆုံးပွဲ(စပါး-ခရစ္စတယ်ပဲလေ့စ်)

20 February 2016
မဇ္ဈိမရဲ့ အလှဆုံးပွဲ(စပါး-ခရစ္စတယ်ပဲလေ့စ်)

ဒီတစ်ပတ်မဇ္ဈိမရဲ့ အလှဆုံးပွဲကဏ္ဍမှာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါး-ခရစ္စတယ်ပဲလေ့စ်ပွဲကို သုံးသပ်ဖော်ပြပေးသွား မှာဖြစ်ပါတယ်။

စပါး-ခရစ္စတယ်ပဲလေ့စ်

(၂၁-၂-၂၀၁၆ တနင်္ဂနွေည ၉း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

၂၃-၁-၁၆ (ပရီးမီးယားလိဂ်) ပဲလေ့စ် ၁-၃ စပါး

၂၀-၉-၁၅ (ပရီးမီးယားလိဂ်) စပါး ၁-၀ ပဲလေ့စ်

၁၁-၁-၁၅ (ပရီးမီးယားလိဂ်) ပဲလေ့စ် ၂-၁ စပါး

စပါး

လက်ရှိအချိန်မှာ စပါးက ပရီးမီးယားလိဂ်မှာ အဆင့် ၂ ရောက်နေတယ်။ ခြေစွမ်းကလည်းအကောင်းဆုံးဖြစ်နေတယ်။ နောက်ဆုံးပြိုင်ပွဲစုံ ခုနစ်ပွဲဆက်တိုက် အနိုင်ရထားတယ်။ ရစ်သမ်ကတော်တော်ချီးကျူးစရာကောင်းတယ်။ ရစ်သမ်မိနေတယ်။ ရှေ့၊လယ်၊ နောက် အားလုံးကောင်းတယ်။

ဖြတ်သန်းခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်လည်း အက်ဖ်အေဖလားတတိယအဆင့်မှာ ပရီမီးယားလိဂ်ဇယားထိပ်က လက်စတာကို အိမ်ကွင်းမှာ ၂-၂ သရေကျတယ်။ အဝေးကွင်းမှာ ဝ-၂ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်လာတယ်။ နောက်တစ်ဆင့်မှာ အသင်းငယ်လေး ကိုလ်ချက် စတာကို ၄-၁ နဲ့ အနိုင်ရတယ်။ ဒါကြောင့် ပဉ္စမအဆင့်ကိုတက်လာတာ။ ပြီးတော့ အက်ဖ်အေဖလားမှာ ရှစ်ဂိုးသွင်းထားတယ်။ ခံစစ်က သုံးဂိုးပဲ ပေးထားရတယ်။ တိုက်စစ်၊ ခံစစ်ကောင်းတယ်ဆိုတဲ့သဘောပဲ။

ပရီးမီးယားလိဂ်မှာလည်း ခံစစ်အကောင်းဆုံးအသင်းဖြစ်နေတယ်။ တိုက်စစ်မှာလည်း လက်စတာနဲ့ မန်စီးတီးပြီးရင် ဒုတိယအကောင်းဆုံး အသင်းပဲ။ ဒါကြောင့်အဘက်ဘက်က ခြုံငုံကြည့်ရင် စပါးကတော့ အိမ်ကွင်းလည်းကစားရမှာဖြစ်တော့ အသာရနေတဲ့သဘောမျိုးဖြစ်နေတယ်။ ဒါပေမဲ့တစ်ချက်ရှိတာက သူတို့က၊ နည်းပြပိုချက်တီနိုက အက်ဖ်အေဆိုရင်အရန်ကစားသမားတွေ ပွဲထွက်သုံးစွဲလေ့ရှိတယ်။ ညှပ်ပြီးတော့သုံးစွဲတာပေါ့။ ဒါပေမဲ့လည်း အရန်ကစားသမားတွေနဲ့ စီနီယာကစားသမားတွေအားလုံး အံဝင်ခွင်ကျမှု က တော်တော်လေးကောင်းမွန်နေတဲ့အတွက် စပါးအတွက် အန္တရာယ်သိပ်မရှိလောက်ဘူးလို့ထင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်

ပဲလေ့စ်ကတော့ ရာသီအစမှာတော်တော်လေးကြွေတက်တယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ တော်တော်လေးကိုထိုးကျသွားတယ်။ ပရီးမီးယား လိဂ်လက်ရှိအဆင့် ၁၃ နေရာကိုရောက်နေတယ်။ ဒါပေမဲ့ အက်ဖ်အေမှာတော့ သူတို့အနေနဲ့ စွမ်းဆောင်ရည်ကောင်းတယ်လို့ ပြောလို့ရတယ်။ တတိယအဆင့်မှာ ဆောက်သမ်တန်လိုအသင်းမျိုးကို ၁-၂ နဲ့အနိုင်ရထားတယ်။ ပြီးတော့ စတုတ္ထအဆင့်မှာတော့ စတုခ်လိုမာကျောတဲ့ အသင်းမျိုးကိုလည်း ၁-၀ နဲ့အနိုင်ရထားတယ်။

ဒီအချက်ကိုကြည့်မယ်ဆိုရင်တော့ ပဲလေ့စ်ရဲ့အနေအထားက အက်ဖ်အေမှာခြေစွမ်းပြနိုင်တယ်လို့ ယူဆလို့ရတယ်။ ဒါပေမဲ့သူတို့အနေအထား ကတော့ ပြိုင်ပွဲစုံနောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲပဲနိုင်ထားတယ်။ ဒီအနေအထားကတော့ နည်းနည်းလေးစိုးရိမ်စရာအနေအထားပေါ့။ ခြေစွမ်းယိုင် နေတဲ့အနေအထားမျိုးပေါ့။ အဓိကကတော့ သူတို့ကစားသမားတွေက ဒဏ်ရာတွေနဲ့ရုန်းကန်နေရတယ်။ အထူးသဖြင့်တိုက်စစ်မှူးတွေပေါ့။ တိုက်စစ်မှူးတွေက ဒဏ်ရာရနေတော့ အသင်းအထိုင်က ပျက်ပျက်သွားတယ်။ ဒီတစ်ချက်တော့ မြင်မိပါတယ်။ အဲဒါကြောင့် အဒီဘာယောကို တောင်မှ ခေါ်ထားရတယ်။ အသင်းတိုက်စစ်မှာ ပြဿနာရှိနေတော့။ အက်ဖ်အေဖလားမှာဆိုလည်း သူတို့သုံးဂိုးပဲသွင်းနိုင်တယ်။ နှစ်ဂိုးကိုတော့ တောင်ပံကစားသမား ဇာဟာသွင်းထားတယ်။ နောက်ခံလူဝက်ဒ်က တစ်ဂိုးထည့်ထားတယ်။ ဒါကြောင့်သူတို့အနေအထားက တိုက်စစ်အားတော်တော်လေးကျဆင်းနေတဲ့အနေအထားကိုတော့ မြင်ရတယ်။ ကွင်းလယ်မှာတော့ ကာဘာယီ၊ ဇာဟာတို့က အသင်းကို တော်တော်လေးထိန်းထားနိုင်တာတွေ့ရတယ်။ အသင်းရဲ့ဟန်ချက်ကို ထိန်းထားတာ။ ဒါပေမဲ့ ခံစစ်ပိုင်းလျော့ရဲတယ်။ တိုက်စစ်ပိုင်းမှာ အပြောင်းအလဲများတယ်။ တိုက်စစ်မှူးတွေကလည်း ခေါ်ထားတာတွေရော၊ လက်ရှိရော များနေတဲ့အတွက် သုံးစွဲရတာလည်း အထိုင်ကျဖို့ ကြိုးစားနေရတယ်။

သုံးသပ်ချက်

ဒီရာသီပရီးမီးယားလိဂ် ပဲလေ့စ်ကွင်းမှာတော့ စပါးက ၁-၃ နဲ့နိုင်တယ်။ စပါးကွင်းမှာတော့ စပါးက ၁-၀ နဲ့အနိုင်ရတယ်။ ဒီရာသီမှာတော့ နှစ်ကျော့စလုံးစပါးနိုင်ထားတယ်။ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ မှာတော့ ပဲလေ့စ်ကွင်းမှာ ပဲလေ့စ်က ၂-၁ နဲ့စပါးကို အနိုင်ရထားတယ်။ နှစ်သင်း နောက်ဆုံးထိပ်တိုက်တွေ့ဆုံတဲ့ ခုနစ်ကြိမ်မှာ စပါးက လေးကြိမ်ထိတောင်အနိုင်ရထားတယ်။ တစ်ပွဲသရေကျပြီး နှစ်ပွဲပဲရှုံးတယ်။ နောက်ဆုံး တွေ့ဆုံမှုတွေမှာလည်း စပါးကသာနေတဲ့ အနေအထားမျိုးပါ။

လက်ရှိအနေအထားမှာတော့ စပါးကတစ်ခြမ်းကြီးသာနေတယ်။ ရစ်သမ်လည်းမှန်တယ်။ အသင်းလိုက်လည်းကောင်းတယ်။ ဂိုးသွင်းခြေလည်း ရှိသလို ခံစစ်အားကလည်းအရမ်းကျစ်လျစ်နေတယ်။ ဒီအချက်အပြင်ကို အိမ်ကွင်းအားသာချက်လည်းရှိနေတယ်။ ဝှိုက်ဟတ်လိန်းမှာ ပဲလေ့စ်ကတော့ ယှဉ်နိုင်ဖို့မရှိဘူး။ ဒါပေမဲ့ဒီပွဲက အဆုံးဖြတ်ပွဲ၊ ဖောင်ဖျက်ဆော့ရမှာ။ ပြီးတော့ လန်ဒန်ဒါဘီလည်းဖြစ်တဲ့အတွက် ပဲလေ့စ် ကတော့ ခံကန်မှာပဲ။ ဒါပေမဲ့ဒီပွဲမှာတော့ အစစအရာရာသာလွန်နေတဲ့ စပါးကိုပဲအနိုင်ပေးချင်တယ်။

ဘာကြောင့်လည်းဆိုတော့ စပါးက သရေကျရင် နောက်တစ်ကျော့ပြန်ကန်ရမှာ။ ကန်တော့မှာမဟုတ်ဘူး။ သူ့မှာလည်း ပြိုင်ပွဲတွေများနေတဲ့ အတွက် တစ်ကျော့တည်းနဲ့အပြတ်ကန်မယ့်အနေအထားမျိုးဖြစ်နေတယ်။ ဂိုးလည်းပြတ်သွားနိုင်တယ်။ ၃-၁ နဲ့ စပါးအနိုင်ရမယ်လို့ ခန့်မှန်းချင် ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု စပါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required