တည်းခိုဆောင်ငှားရမ်းခ မြင့်မားမှုကို ထိန်းချုပ်နိုင်ရန် မန်းရွှေစက်တော်ဂေါပကအဖွဲ့က နှုန်းထားများသတ်မှတ်

တည်းခိုဆောင်ငှားရမ်းခ မြင့်မားမှုကို ထိန်းချုပ်နိုင်ရန် မန်းရွှေစက်တော်ဂေါပကအဖွဲ့က နှုန်းထားများသတ်မှတ်
ဓာတ်ပုံ - ဒေါင်းလူ

မင်းဘူး၊ ဖေဖော်ဝါရီ   ၂၀ ။             ။ မန်းရွှေစက်တော်ဘုရားပွဲတွင် ပုဂ္ဂလိကတည်းခိုဆောင် ငှားရမ်းခဈေးနှုန်းများ မြင့်မားမှုကိုထိန်းချုပ်ရန်အတွက်  ဘုရားကြီးဂေါပကအဖွဲ့က ငှားရမ်းခနှုန်းထားများ သတ်မှတ်၍ ကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ပွဲတော်ဖွင့် ကာစရက်ပိုင်းတွင်ဘုရားဖူးများ ကျိတ်ကျိတ်တိုးစည်ကားခဲ့ပြီး၊ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများ မှာ အနည်းဆုံး ကျပ်ငွေ သုံးသောင်း မှ ကျပ်ငွေ ခုနှစ်သောင်း ဝန်းကျင်အထိ ရှိခဲ့သောကြောင့်  ဘုရားဖူးများဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်စေရန် ငှားရမ်းခ နှုန်းထားများ သတ်မှတ်ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့၏ ပြောပြချက်အရ သိရသည်။

"ရေစပ်လုံးချင်း တစ်ခန်းကို ပုံမှန်အချိန်တွေမှာ ကျပ်ငွေ(သုံးသောင်း)၊ လူစည်ကားတဲ့အချိန်တွေမှာ ကျပ်ငွေ (ခြောက်သောင်း)၊ ကုန်းတွင်းလုံးချင်းတွေကိုတော့ ပုံမှန်အချိန်မှာ ကျပ်ငွေ နှစ်သောင်းခွဲ ၊လူစည်ကားတဲ့ အချိန်တွေမှာ ကျပ်ငွေ(ငါးသောင်း) သတ်မှတ်ပေးထားတယ်။သတ်မှတ်နှုန်းထက် လျှော့ယူရင်တော့ မကန့်ကွက် ဘူး။တိုးတောင်းရင်တော့ အရေးယူဆောင်ရွက်မယ်။"  ဟု ဂေါပကအဖွဲ့ဝင် ဦးဝင်းဌေးက ပြောသည်။

မန်းရွှေစက်တော်ဂေါပကအဖွဲ့၏ တည်းခိုဆောင် ငှားရမ်းခနှုန်းထားသတ်မှတ်ချက်များကို ပွဲတော်အတွင်း၌ ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး၊ကျေနပ်မှုမရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့် ဂေါပကအဖွဲ့ဝင် ဖုန်းနံပါတ်များ လည်း ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားဖူးရာသီတွင် အရပ်ခေါ်တည်းကျောင်း (တည်းခိုဆောင်)အရောင်းအဝယ်၊ ဈေးကစားမှုများအား ဟန့်တားနိုင် စေရန် ထုံးစံဖြစ်ခဲ့သောဋ္ဌာနဆိုင်ရာများကို လုပ်ပိုင်ခွင့် ချမပေးသည့်အပြင်၊ယခင်နှစ်များကထက် တည်း ကျောင်းအရေအတွက် ပိုမိုချထားခဲ့သော်လည်း ပုံမှန်အတိုင်း တည်းကျောင်းအရောင်းအဝယ်များကတော့ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

"တည်းကျောင်း အမှန်တစ်ကယ်လုပ်ကိုင်သူတွေက တစ်ဆင့်ပြန်ဝယ်ယူပြီး လုပ်နေရတယ်။ဒါကြောင့် ငှားခဈေး တင်တယ်။သူတို့ရဲ့ အကျိုးအမြတ်အတွက် ဘုရားဖူးတွေဆီမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရတယ်။ ဒီလိုမျိုး ဂေါပကအဖွဲ့ရဲ့ ဈေးနှုန်းသတ်မှတ်မှုကို ကြိုဆိုပါတယ်။၊ဒါပေမယ့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံတဲ့လုပ်ငန်းရှင်တွေကို ဘယ်လို အရေးယူမယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ ဖော်ပြသင့် တယ်။" -မင်းဘူးမြို့၊ဒေသခံဖြစ်သူ ဦးအောင်ဘု က ပြောပြသည်။

 မကွေးတိုင်းဒေသကြီး၊လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ယခုနှစ်ပွဲတော်အတွင်း တည်းခိုခ ဈေးနှုန်းများ ကျဆင်းစေရန်နှင့် ပွဲတော်ကာလအတွင်း ဈေးနှုန်းတစ်သတ်မတ်တည်းဖြစ်စေရန် မန်းရွှေစက်တော် ဂေါပကဥက္ကဋ္ဌထံ စာဖြင့်တရားဝင် အသိပေးထောက်ပြခဲ့ပြီး၊သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ တစ်ဆင့်လည်း တည်းကျောင်းခ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ကောက်ခံပါက ၎င်းတို့အဖွဲ့အား ဆက်သွယ်အကူအညီ တောင်းခံနိုင်ရန် ဖုန်းနံပါတ်များဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly