ဘင်္ဂလားဒေ့ရှ်မှ အပါအဝင် ပြည်ပအလုပ်သမားအသစ်ခေါ်ယူမှု မလေးရှားရပ်ဆိုင်း

ဘင်္ဂလားဒေ့ရှ်မှ အပါအဝင် ပြည်ပအလုပ်သမားအသစ်ခေါ်ယူမှု မလေးရှားရပ်ဆိုင်း

ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၉ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအပါအဝင် ပြည်ပမှ အလုပ်သမားသစ်ခေါ်ယူမှုကို ရပ်ဆိုင်းရန် မလေးရှားအစိုးရက ဆုံးဖြတ်လိုက်ကြောင်း ဒု-ဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ဖေဖော်ဝါရီ ၁၉ တွင် ပြောသည်။

ရပ်ဆိုင်းမှုမှာ ချက်ခြင်းသြဇာသက်ရောက်မည်ဖြစ်ပြီး ပြည်ပလုပ်သားများအပေါ် ကောက်ခံသည့် အဆင့်နှစ်ဆင့်ပါ အခွန်အစီအစဉ်ကို အစိုးရက သုံးသပ်နေစဉ် အာဏာသက်ရောက်နေမည်ဖြစ်သည်ဟု ဇာဟစ်၏ ပြောကြားချက်ကိုကိုးကား၍ စတားအွန်လိုင်းသတင်းဋ္ဌာနက အစီအရင်ခံခဲ့သည်။

"ပြည်တွင်းက အလုပ်သမားတွေကိုပဲ လူသစ်စုဆောင်းဖို့ အလုပ်ရှင်တွေအားလုံးကို တိုက်တွန်းပါတယ်"ဟု မစ္စတာဇာဟစ်ကဆိုသည်။ ထို့အပြင် လက်ရှိမလေးရှားတွင် ရှိနေသော တရားမဝင်လုပ်သားများကိုလည်း ထိန်းသိမ်းကာ ပြည်နှင်ဒဏ်ပေးမည်ဟု ၎င်းကထပ်မံပြောသည်။

နိုင်ငံခြားသားများ၏ နေရာတွင် မလေးရှားပြည်သူများ အထူးသဖြင့် မလေးရှားလူငယ်များက ဝင်ရောက်လုပ်ကိုင်ရေး အစိုးရ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု   မျှော်လင့်ကြောင်း   ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာဇာဟစ်က ပြောကြားခဲ့သည်။ ယင်းသို့ဖြည့်ဆည်းခြင်းက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန် နိုင်ငံ၏လုပ်သားအင်အားစုတွင် အဓိကထောက်ပံ့မှုဖြစ်မည်ဆိုသည်။

လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်လုပ်သားများ ဝင်ရောက်မှုနှင့့်ပတ်သက်၍ လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ရစ်ချတ်ရိုင်းယက သီးခြားသတင်းစာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီးနောက် နာရီအနည်းငယ်အကြာ ဇာဟစ်၏ ကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ "မလေးရှားဟာ ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၁ဒသမ၅သန်းလက်ခံမယ်ဆိုတဲ့ မှားနေတဲ့အယူအဆကို ကျွန်တော်အမှန်ပြင်ပေးချင်ပါတယ်။ ဒါဟာ လုံးဝမမှန်ပါဘူး" ဟု ဒါတွတ်ဆရီရစ်ချတ်က ပြောသည်။

ယင်းကိန်းဂဏန်းမှာ ပြည်ပတွင် အလုပ်ရှာရန် မှတ်ပုံတင်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်းအရေအတွက်သာဖြစ် မလေးရှားကို လာရောက်မည်ဟု မဆိုလိုကြောင်း ရစ်ချတ်က ပြောသည်။ ယင်းမှာ သုံးနှစ်တာကာလအတွင်း မလေးရှားသို့ ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ဒသမ၅သန်းအား လက်ခံမည်ဆိုသည့် မစ္စတာဇာဟစ်၏ အစောပိုင်းက မှတ်ချက်နှင့် ဆန့်ကျင်နေသည်။

ပြည်ပမှ အလုပ်သမားများစွာ တင်သွင်းမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရသည် ပြည်တွင်းမှ အဖွဲ့အစည်းများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရပြီး အလုပ်အကိုင်များအတွက်  မလေးရှားပြည်သူများကို ဦးစားပေးသင့်ကြောင်း မလေးရှားအလုပ်သမားသမဂ္ဂကွန်ဂရက်ကဲ့သို့ အလုပ်သမားအဖွဲ့များ ပြောကြားလျက်ရှိသည်။

ပြည်သူတို့၏ ဆန့်ကျင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်လုပ်သား ၁ဒသမ၅သန်း တင်သွင်းမည့် ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အစောပိုင်းက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required