စစ်သွေးကြွ ၅၀၀ တူရကီမှ တဆင့် ဆီးရီးယားထဲဝင်လာ

စစ်သွေးကြွ ၅၀၀ တူရကီမှ တဆင့် ဆီးရီးယားထဲဝင်လာ

လန်ဒန်၊ ဖေဖော်ဝါရီ ၁၈ ။        ။ အနည်းဆုံး ၅၀၀ရှိသော အစွန်းရောက် အစ္စလာမ္မစ်ဝါဒီ တက်က်ဖီရီ စစ်သွေးကြွများသည် ဆီးရီးယားနှင့် ထိစပ်နေသော တူရကီနယ်စပ်ကို ဖြတ်သန်းကာ မြောက်ပိုင်းရှိ ဆီးရီးယားနယ်စပ်မြို့တစ်မြို့သို့ ဦးတည်သွားရောက်လျက်ရှိကြောင်း ယူကေအခြေစိုက် စောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ခုက ပြောသည်။

"အနည်းဆုံးသူပုန် ၅၀၀လောက်ဟာ ဘက်ဘ်အယ်လ်ဆာလမ်နယ်စပ်လမ်းကို ဖြတ်ပြီး အေဇက်မြို့ဆီကို သွားနေပါတယ်။ အဲဒီကနေကမှ သူတို့ဟာ ပြည်နယ်ရဲ့မြောက်ပိုင်းမှာ ကာ့ဒ်တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ရာမှာ သောင်းကျန်းသူတွေကို ကူညီဖို့ဆန္ဒရှိနေပါတယ်"ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အကြီးအကဲ ရာမီအက်ဘ်ဒဲလ်ရာမန်က ပြောသည်။

ဖေဖော်ဝါရီ ၁၇က ဖြတ်သန်မှုသည် တူရကီနယ်စပ်ကိုဖြတ်၍ ဆီးရီးယားထဲဝင်ရောက်မှုမှာ တစ်ပတ်မပြည့်မီ ဒုတိယမြောက်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၄နေ့ကလည်း လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အကြမ်းဖက်သမား ၃၅၀ခန့်သည် တူရကီနှင့် နယ်စပ်ဖြတ်ကျော်လမ်း အက်တ်မေမှတဆင့် ဆီးရီးယားနယ်ထဲ ဝင်လာခဲ့သည်။

ဆီးရီးယားအကျပ်အတည်းများအတွက် တစ်ခုတည်းသော အဖြေမှာ မြေပြင်တပ်ဖွဲ့ဝင်များ ချထားရေးသာဖြစ်သည်ဟု တူရကီအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၆တွင် ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားချက်ကို တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လတ်ကာဗူဆော့ဂ်လူကလည်း ထောက်ခံခဲ့ပြီး ၎င်း၏နိုင်ငံအနေဖြင့် ယင်းသို့ဆောင်ရွက်နိုင်ရန် မဟာမိတ်များနှင့်  ဆွေးနွေးလျက်ရှိ သည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက အန်ကာရာသည် ကာ့ဒ်တပ်ဖွဲ့ဝင်များ တူရကီနှင့်ထိစပ်နေသော ဆီးရီးယားနယ်စပ်သို့ ရောက်မလာစေရန် ကာ့ဒ်သူပုန် YPG တို့၏ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။ ထိုစဉ် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းဒေသများတွင် အိုင်အက်စ်တို့ထံမှ နယ်မြေများကို နေ့စဉ်သိမ်းပိုက်ရရှိနေသည်။

တူရကီတပ်များသည် ဆီးရီးယားမြေပေါ်ရှိ ကာ့ဒ်တို့၏ စခန်းများကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်မည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က ဖေဖော်ဝါရီ ၁၇ တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required