အီရတ်တွင် အန္တရာယ်ရှိသည့် ရေဒီယိုသတ္တိကြွပစ္စည်း အခိုးခံရ IS များရရှိသွားမည်ကို စိုးရိမ်နေရ

အီရတ်တွင် အန္တရာယ်ရှိသည့် ရေဒီယိုသတ္တိကြွပစ္စည်း အခိုးခံရ IS များရရှိသွားမည်ကို စိုးရိမ်နေရ

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ - ၁၈ ။         ။ အီရတ်နိုင်ငံမှာ ယမန်နှစ်က အခိုးခံလိုက်ရသည့် အလွန်အန္တရာယ်ကြီးမားသော ရေဒီယိုသတ္တိကြွပစ္စည်းကို လိုက်လံရှာဖွေလျှက်ရှိပြီး အိုင်အက်စ် အကြမ်းဖက်သမားများ၏ လက်တွင်းသို့ ကျရောက်သွားမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။

ပေါက်ကြားလာသည့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန စာရွက်စာတန်းများအရ လပ်ပတော့ ကွန်ပျူတာအရွယ်အစား အကာအကွယ်သေတ္တာထဲ သိုလှောင်ထားသည့် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဘာဆရာရှိ အမေရိကန်ပိုင် သိုလှောင်ရုံတစ်ခုမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

ခိုးယူမှုအကြောင်း သိရှိထားသည့် အမည်ဖော်လိုသူ အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးကမူ အဆိုပါ ရေဒီယိုသတ္တိကြွဒြပ်စင်မှာ အိုင်အက်စ်အကြမ်းဖက်သမားများ၏ လက်ဝယ်သို့ ကျရောက်သွားမည်ကို စိုးရိမ်နေရသည်ဟု ပြောကြားခဲ့သည်။

 ‘ဒီပစ္စည်းကို တခြားပေါက်ကွဲပစ္စည်းတွေနဲ့ တွဲပေးလိုက်ရုံ ညစ်ညမ်းဗုံး ပြုလုပ်နိုင်တယ်’ဟု ၎င်းက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်စွဲတပ်ထားပြီး ဝန်ကြီးဌာန၏ ဓာတ်ရောင်ခြည်ကာကွယ်တားဆီးရေးဌာနသို့ လိပ်မူထားသည့် အဆိုပါ စာရွက်စာတန်းများထဲတွင် ဘာဆရာပြည်နယ်၊ ရာဖီဒီရာ သိုလှောင်ရုံတစ်ခုမှ ရေဒီယိုသတ္တိကြွမှု မြင့်မားသည့် Ir-192 ဒြပ်စင်အခိုးခံခဲ့ရသည်ဟု ဖော်ပြထားသည်။

မြို့တော်တွင် အခြေစိုက်သည့် သဘာဝပတ်ဝန်းကျင်ဌာန အရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားချက်အရ ပျောက်ဆုံးသွားသည့် ကိရိယာတွင် Ir-192 အတောင့် ၁၀ဂရမ်(ဝ.၃၅အောင်စ) ပါဝင်နေပြီး ရေဒီယိုသတ္တိကြွ အီရီဒီယ့အိုက်ဆိုတုပ်ကို ကင်ဆာရောဂါ ကုသရာတွင်လည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကမူ ပျောက်ဆုံးသွားသည့် ပစ္စည်းကို ရေဒီုယိုသတ္တိကြွမှု အဆင့်၂ရှိသည်ဟု သတ်မှတ်ထားပြီး၊ နီးကပ်နေသူ မည်သူ့ကိုမဆို ရက်ပိုင်းနာရီပိုင်းအတွင်း သေစေနိုင် သည်ဟု ဆိုသည်။

သို့ရာတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုမှာ အီရတ်တောင်ပိုင်းကို မထိန်းချုပ်နိုင်သေးသောကြောင့် ရေဒီယိုသတ္တိကြွပစ္စည်းမှာ ယခုအချိန်အထိ ၎င်းတို့၏ လက်ဝယ်သို့ ကျရောက်သွား ပုံမပေါ်သေးသော်လည်း အိုင်အက်စ်အုပ်စုမှာ ဓာတုလက်နက်များကိုမူ စတင် အသုံးပြုနေဖွယ်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လက အီရတ်နိုင်ငံအတွင်းရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်အနီး စစ်ပွဲတစ်ခုတွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက ကာ့ဒ်တပ်ဖွဲ့များကို အဆိပ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ယောက်နီးပါး နာမကျန်းဖြစ်ခဲ့သည်ဟုဆိုသည်။

အီရတ်နိုင်ငံတွင် ၂၀၀၃ခုနှစ်က ဆက်ဒမ် ဟူစိန် ကျဆုံးပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဓာတုလက်နက် အသုံးပြုခြင်းဖြစ်သည်ဟု ဆိုသည်။

ညစ်ညမ်းဗုံး (dirty bomb)မှာ ပတ်ဝန်းကျင်ကို ဓာတ်ရောင်ခြည်များဖြင့် ညစ်ညမ်းသွားစေရန် နျူကလီးယားပစ္စည်းနှင့် သမရိုးကျ ပေါက်ကွဲပစ္စည်းများကို ပေါင်းစပ်ထားသော ဗုံးပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required