အိုဘားမား ကျူးဘားသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်မည်

အိုဘားမား ကျူးဘားသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၈ ။           ။ သမ္မတ အိုဘားမားသည် အစောဆုံး မတ်လလောက်တွင် ကျူးဘားနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းဖြင့် သမိုင်းဝင်ပြည်လည်သင့်မြတ်မှုကို အထွတ်အထိပ်သို့ မြှင့်တင်မည်ဖြစ်ရာ နှစ်ပေါင်း ၉၀နီးပါးအတွင်း ကျူးဘားသို့ သွားရောက်သည့် ပထမဆုံး လက်ရှိအမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်များက ဖေဖော်ဝါရီလ ၁၇ရက်နေ့က ပြောကြားခဲ့သည်။

လာမည့်ရက်သတ္တပတ်များတွင် ကျူးဘားအပါအဝင် သမ္မတ၏ နိုင်ငံအများအပြားတွင် တထောက်နားမည့် လက်တင်အမေရိက ခရီးစဉ်အကြောင်း အသေးစိတ်ကို အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ကြေညာလိမ့်မည်ဟု တရားဝင်မကြေညာသေးသဖြင့် အမည်မဖော်လိုသည့် အကြီးတန်းအစိုးရအရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ၁၀ဆက် ထိန်းသိမ်းလာခဲ့သည့် သံတမန်ရေးတင်းမာမှုကို ၂၀၁၄ခုနှစ်တွင် အိုဘားမားက ချိုးဖျက်လိုက်ပြီးနောက်ပိုင်းတွင် ဤခရီးစဉ်မှာ နှစ်နိုင်ငံကြား ၁၄လတာ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ကြိုးစားမှု၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။

အိုဘားမားက ကွန်မြူနစ်နိုင်ငံသို့ သွားရောက်လိုကြောင်းကို လျှို့ဝှက်မထားခဲ့သော်လည်း ယမန်နှစ်က အင်တာဗျူးတစ်ခုတွင်မူ အခြေအနေများကို တည့်မတ်ရဦးမည်ဟု ပြောကြားခဲ့သည်။

ထိုအခြေအနေများထဲတွင် သာမန်ကျူးဘားပြည်သူများ၏ ဘဝ၊ လွတ်လပ်မှုနှင့် စီးပွားရေးအလားအလာများတွင် ထင်သာမြင်သာရှိသည့် ပြောင်းလဲမှုလည်း ပါဝင်နေသည်။

‘ကျနော်တို့ဟာ နောက်ပြန်သွားနေတယ်ဆိုရင် ကျူးဘားကို သွားစရာအကြောင်းမရှိပါဘူး။ လက်ရှိအခြေအနေအတိုင်းပဲ လက်ခံအသိအမှတ်ပြုသွားဖို့တော့ စိတ်မဝင်စားပါဘူး’ ဟု အိုဘားမားက Yahoo News ကို ပြောကြားခဲ့သည်။

ဝါရှင်တန်နှင့် ဟာဗားနားတွင် သံရုံးများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီးဖြစ်သည်။ အိုဘားမားအစိုးရက အမေရိကန် စီးပွားရေးလုပ်ငန်းများကို ကျူးဘားသို့ ထုတ်ကုန်များ တင်ပို့ခွင့်ပြုသည့် စည်းမျဉ်းဥပဒေ အပြောင်းအလဲများကိုလည်း ပြဌာန်းပေးခဲ့သည်။ ပုံမှန် ပျံသန်းရန်အတွက် လေကြောင်း သဘောတူညီချက်များလည်း ပြုလုပ်ခဲ့ကြပြီး၊ အမေရိကန်ဆယ်လူလာကုမ္ပဏီများက ကျူးဘားကျွန်းပေါ်တွင် roaming ဝန်ဆောင်မှု ပေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required