တောင်တရုတ်ပင်လယ်အငြင်းပွားမှု နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် တရုတ်ကို ကန် နှင့် အီးယူသတိပေး

တောင်တရုတ်ပင်လယ်အငြင်းပွားမှု နိုင်ငံတကာတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် တရုတ်ကို ကန် နှင့် အီးယူသတိပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ။              ။ တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် ဖြစ်ပွားနေသော နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုနှင့် ပတ်သက်၍ ယခုနှစ်နောက်ပိုင်းတွင် ချမှတ်ဖွယ်ရှိသော နိုင်ငံတကာ တရားရုံးတစ်ခု၏ အမိန့်ကို လေးစားသင့်သည်ဟု အမေရိကန်နှင့် အီးယူက ဖေဖော်ဝါရီ ၁၇ တွင် တရုတ်ကို သတိပေးသည်။

အမှုက ပေကျင်းက အတည်ပြုထားသည့် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလကွန်ဗင်ရှင်းနှင့် သက်ဆိုင်နေသည့်တိုင် သည်ဟိဂ်ရှိ အမြဲတမ်းခုံရုံး၏ အာဏာပိုင်မှုကို တရုတ်က ပယ်ချထားသည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံး ၎င်းပိုင်သည်ဟု တရုတ်က ပြောကြားထားသည်။ တရားရုံး၏ အမိန့်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှုရှုံး၍ လေးစားလိုက်နာမှုမရှိပါက တရုတ်အတွက် ထိခိုက်နစ်နာမှုများ ရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရန် သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားတို့ကဲ့သို့ မဟာမိတ်များ၊ အီးယူနှင့် အမေရိကန်တို့က အသင့်ရှိရမည်ဟု တောင်နှင့် အရှေ့တောင် အာရှဆိုင်ရာ အမေရိကန် ဒု-လက်ထောက်ကာကွယ်ရေးဝန်ကြီး အေမီဆီးရိုက်က ပြောသည်။

တရားရုံး၏အမိန့်မှာ နိုင်ငံတကာဥပဒေဖြစ်ကြောင်း၊ အလွန်အရေးကြီး၍ အားလုံးလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားရန် ဖိလစ်ပိုင်နှင့် ကျန်အငြင်းပွားအာဆီယံနိုင်ငံများနောက်မှ မားမားမတ်ရပ်တည်ကြ ရမည်ဟု ဝါရှင်တန်၏ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဋ္ဌာနတွင် ပြုလုပ်သော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဆီးရိုက်က ပြောကြားခဲ့သည်။

တရုတ်ကို ပေးလိုသည့် သတင်းစကားမှာ တရားရုံးအမိန့်ကို မလိုက်နာပါက မလိုက်နာသူ၏ တာဝန်သာဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်းလည်း ဆီးရိုက်ကပြောကြားခဲ့သည်။ "သေချာတာကတော့ ဂုဏ်သတင်းဆိုင်ရာထိခိုက်မဲ့ အန္တရာယ်ရှိပါတယ်"ဟု အကျယ်မချဲ့ဘဲ ၎င်းက ပြောသည်။

သည်ဟိဂ်ခုံရုံးတွင် အတင်းအကျပ်လိုက်နာစေနိုင်သည့် အာဏာမရှိပေ။ ၎င်း အမိန့်များမှာလည်း ယခင်က လစ်လျုရှုခံထားရသည်။ တရားရုံးသည် မေလမတိုင်မီ အမိန့်ချနိုင်သည်ဟု မနီလာက ပြောကြား ထားသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်အပြင် အာဆီယံနိုင်ငံအချို့နှင့်လည်း ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required