ပါရာဂွေးနှင့်ပွဲမတိုင်မီ ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်ခဲ့ဟု ဘရာဇီးနည်းပြ ဒွန်ဂါ ဆို

ပါရာဂွေးနှင့်ပွဲမတိုင်မီ ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်ခဲ့ဟု ဘရာဇီးနည်းပြ ဒွန်ဂါ ဆို

ဆန်တီယာဂို၊ ဇွန် ၂၈။ ။ ကိုပါအမေရိကဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ပါရာဂွေးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးနည်းပြ ဒွန်ဂါက ထိုပွဲမတိုင်မီတွင် ကစားသမား ၁၅ ဦးခန့် နာမကျန်းဖြစ်နေခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုကဲ့သို့ ဖျားနာနေသည့်အတွက် လေ့ကျင့်ခန်းကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ခဲ့ရသလို ကစားသမားအချို့မှာ ပွဲကစားနေစဉ် အတွင်း ပြီးဆုံးအောင်ပင် မကစားနိုင်ခဲ့ကြောင်း  ဒွန်ဂါက ပြောဆိုခဲ့သည်။

ပါရာဂွေးနှင့်ပွဲစဉ်တွင် ဘရာဇီးအသင်းသည် ရော်ဘင်ဟို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဂွန်ဇာလက်ဇ်၏ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရပြီး သရေကျခဲ့ရသည်။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ဘရာဇီးတို့ ၃-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ပွဲအပြီးတွင် ဒွန်ဂါက 'ဒီအပတ်ထဲမှာ ကစားသမား ၁၅ ယောက်လောက် မကျန်းမမာ ဖြစ်ခဲ့ပါတယ်။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ခေါင်းကိုက်၊ ဖျားနာနဲ့ နောက်ကျောနာကျင်မှု ဝေဒနာတွေခံစားခဲ့ရတာပါ။ တစ်ချို့ဆို ဒီထက်တောင်ဆိုးပါသေး တယ်။ အော့အန်တာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ သူတို့အချိန်မီ ပြန်ကောင်းလာဖို့ လေ့ကျင့်ခန်းပြုလုပ်ရာမှာတောင် အကန့်အသတ်နဲ့ပဲ လုပ်ခဲ့ရပါတယ်' ဟု ပြောသည်။

ထိုကဲ့သို့ အားနည်းချက်များရှိခဲ့သော်လည်း ပါရာဂွေးအသင်း၏ အဝေးဘောများကို ထိန်းချုပ်ကစားနိုင်ခဲ့ကြောင်းနှင့် အဆုံးအထိ တိုက်ပွဲဝင်ခဲ့ကြောင်း ဒွန်ဂါက ဆိုသည်။ 'ပွဲအတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို ရအောင်လုပ်ပြီး အဆုံးအထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ ခြေစွမ်းရအောင် ကစားနိုင်ပေမယ့် တိုက်စစ်ကစားတဲ့အခါမှာတော့ လေးလံခဲ့ပါတယ်' ဟု ဆိုသည်။

ထို့နောက်တွင် ဒွန်ဂါက ကိုပါပြိုင်ပွဲ မစတင်ခင်ကတည်းက အားထားရသည့် ကစားသမားငါးဦးလောက်ကို ချန်ရစ်ခဲ့ရကြောင်း၊ နေမာကဲ့သို့ အရေးပါသည့်ကစားသမားလည်း ပွဲပယ်ခံခဲ့ရကြောင်း ထို့ကြောင့် အလုပ်လုပ်ရသည်မှာ ခက်ခဲခဲ့ကြောင်း ဆိုသည်။ သို့သော် ယခုအရှုံးသည် ထိုအချက်များကြောင့်မဟုတ်ဘဲ ဘရာဇီးအသင်းသည် အရည်အချင်းပြည့်ဝသည့် အသင်းဖြစ်ကြောင်းနှင့် ယခုကိုပါပြိုင်ပွဲကို သင်ခန်းစာယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly