ဗီယက်နမ်တွင် တရုတ်နှင့်နယ်စပ်စစ်ပွဲ အထိမ်းအမှတ်ကျင်းပ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာနေဟုဆို

ဗီယက်နမ်တွင် တရုတ်နှင့်နယ်စပ်စစ်ပွဲ အထိမ်းအမှတ်ကျင်းပ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာနေဟုဆို

ဟနွိုင်း၊ ဖေဖော်ဝါရီ-၁၇ ။             ။ အငြင်းပွားရေပိုင်နက်အတွင်း တရုတ်က ဒုံးကျည်စနစ်များ တပ်ဆင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် ကျင်းပခဲ့သည့် အင်အားကြီး အိမ်နီးချင်းနှင့် နယ်စပ်စစ်ပွဲ ၃၇နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွင် ဗီယက်နမ်တက်ကြွလှုပ်ရှားသူများက တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ကာ ဟနွိုင်းမြို့တော်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

တရုတ်နှင့် ဗီယက်နမ်တို့ကြား ဖြစ်ပွားခဲ့သည့် သွေးစွန်းသောစစ်ပွဲ ၃၇နှစ်ပြည့် အထိမ်းအမှတ် စုရုံးချီတက်ပွဲအတွင်း ဟနွိုင်းမြို့မှ တရုတ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ‘၁၉၇၉ ဖေဖော်ဝါရီ ၁၇ရက်၊ ငါတို့ပြည်သူတွေ ဘယ်တော့မှမမေ့’’ရေးသားထားသည့် ပိုစတကာကို ကိုင်ဆောင်ထားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ ပရာဆယ်နှင့် စပရတ်တလေကျွန်းများနှင့် ပတ်သက်၍လည်း ကွန်မြူနစ်နှစ်နိုင်ငံမှာ ကာလကြာမြင့်စွာကတည်းက နယ်မြေပိုင်နက် အငြင်းပွားလာနေခဲ့ကြသည်။

 ဗီယက်နမ်ဝန်ကြီးချုပ်မှာ တရုတ်က စစ်အင်အားကို ထုတ်ပြခြိမ်းခြောက်နေချိန်တွင် ဒေသကြီးတစ်ခုလုံးအနေဖြင့် တစည်းတလုံးတည်း ရင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ညီလာခံသို့ တက်ရောက်ပြီး ဗုဒ္ဓဟူးနေ့တွှွင် နိုင်ငံသို့ ပြန်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ပေကျင်းက ဝုဒီကျွန်းပေါ်တွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နှစ်စင်းကို တပ်ဆင်နေဟန် ပုံများကို Fox သတင်းဌာနက ဖော်ပြခဲ့သကဲ့သို့ ထိုင်ဝမ်ကလည်း သတင်းထုန်ပြန်ခဲ့သည်။

တရုတ်၏ ၁၉၇၉ခုနှစ် ဗီယက်နမ်မြောက်ပိုင်းပြည်နယ်များကို ကျူးကျော်သည့် နယ်မြေစစ်ပွဲ အထိမ်းအမှတ်ကျင်းပရန် လူပေါင်း ၁၀၀ကျော်မှာ ဟနွိုင်းမြို့တွင် စုရုံးခဲ့ကြသည်ဟု ဆိုသည်။ လုံခြုံရေးအရာရှိများ၏ ပြောကြားချက်အရ တရုတ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ‘တရုတ် ကျဆုံးပါစေ။ တရုတ်ကျူးကျော်မှု ကျဆုံးပါစေ’’ဟု အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

အိမ်နီးချင်း ကမ္ဘောဒီးယားမှ ပေကျင်းကျောထောက်နောက်ခံပြု ခမာနီအစိုးရကို ဗီယက်နမ်က ဖြိုလဲလိုက်ပြီးနောက်တွင် ကွန်မြူနစ် နှစ်နိုင်ငံကြား အကျအဆုံးများသည့် စစ်ပွဲတိုတစ်ခု ဖြစ်ပွားလာခဲ့သည်။

လူပေါင်း သောင်းနှင့်ချီ၍ ကျဆုံးခဲ့ရပြီး တရုတ်တပ်များ ဆုတ်ခွာသွားခြင်းနှင့် အဆုံးသတ်သွားခဲ့သော်လည်း နှစ်ဖက်စလုံး အသီးသီးအနိုင်ရကြောင်း ပြောကြားခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံမှာ ပြင်သစ်နှင့် အမေရိကန်စစ်တပ်များကို စစ်ရေးအရအောင်မြင်မှုများအပေါ် အထိမ်းအမှတ်ပွဲတော်များ ဆင်ယင်ကျင်းပခဲ့သော်လည်း တရုတ် နယ်စပ်စစ်ပွဲကိုမူ အထိမ်းအမှတ်အနေဖြင့် တရားဝင်အခမ်းအနားများ ကျင်းပလေ့မရှိခဲ့သောကြောင့် စစ်ပြန်ကြီးများနှင့် တက်ကြွလှုပ်ရှားသူများက မချင့်မရဲ ဖြစ်နေခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required