ဒုတိယအကြိမ်မြောက်YTU စာပေဟောပြောပွဲနှင့် စာအုပ်ရောင်းပွဲကျင်းပ

ဒုတိယအကြိမ်မြောက်YTU စာပေဟောပြောပွဲနှင့် စာအုပ်ရောင်းပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။        ။ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)၏ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲနှင့် စာအုပ်ရောင်းပွဲကို ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲတစ်နာရီတွင် YTU main building ဒုတိယထပ်ရှိ စုဝေးခန်းမ၌ ကျင်းပလျက်ရှိသည်။

ဟောပြောမည့်သူများအနေဖြင့် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများဖြစ်သည့် ကာတွန်းဆရာအော်ပီကျယ် နှင့် စာရေးဆရာ နွမ်ဂျာသိုင်းတို့က ဟောပြောခဲ့ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်   ကျောင်းသားသမဂ္ဂမှ  သိရသည်။

“ကျွန်တော်တို့ကျောင်းမှာက စာချည်းပဲ လုပ်တဲ့သူတွေများတယ်လေ။ အဲ့လိုလူတွေအတွက် ကျောင်းစာတင်မဟုတ်ဘဲ တခြားလိုအပ်နေတာတွေအများကြီးရှိတယ် ဆိုတာကို အသိအမြင်ရအောင်ရယ်၊   ကျောင်းသားတွေအတွက် စိတ်ခွန်အားဖြစ်စေအောင်လို့ ဒီပွဲကိုစီစဉ်ဖြစ်တာပါ။ မနှစ်နဲ့ မတူအောင် စာအုပ်အရောင်းပွဲကိုပါ ထည့်သွင်းထားပါတယ်”ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဘုန်းမြတ်မင်းက မဇ္ဈိမကိုပြောသည်။

အဆောင်နေကျောင်းသားများအနေ နှင့် ပြင်ပစာအုပ်ဆိုင်များတွင် တကူးတကန့် ဝယ်ရန်မလိုစေဖို့ နှင့် သမဂ္ဂရန်ပုံငွေအတွက် ရည်ရွယ်ပြီး စာအုပ်အရောင်းပွဲကိုပါ စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါစာအုပ်ရောင်းပွဲတွင် လူငယ်ဗဟိုပြုရေးသားထားတဲ့ ကိုယ်ရည်ကိုယ်သွေးမြှင့်စာအုပ်များ၊ ပြည်တွင်း နှင့် နိုင်ငံတကာဗဟုသုတရဖွယ် စာအုပ်များ၊ နိုင်ငံရေးစာအုပ်များကို အသားပေးရောင်းချသွားမည်ဟု ယင်းကထပ်မံပြောကြားခဲ့သည်။

အဆိုပါပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ စာပေအသင်းက ဦးစီးပြီး ပွဲကျင်းပရေးရန်ပုံငွေကို ကျောင်းသားများကိုယ်တိုင် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly