“အင်န်အယ်လ်ဒီ နဲ့ ထက်လင်း ရင်လူးဆေး ”

“အင်န်အယ်လ်ဒီ နဲ့ ထက်လင်း ရင်လူးဆေး ”

“ တားတား (သားသား) စားချင်တာ စားလို့ရပြီ။ ချောင်းဆိုးတော့ဘူး၊ ရင်ကြပ် တော့ဘူး၊ ဆေးလည်း သောက်ရတော့ဘူး၊ ဆေးလည်း ထိုးရတော့ဘူး၊ အဲဒါ ထက်လင်း ရင်လူးဆေး ဆောင်လို့ပေါ့”  အဲဒီ စာသားကတော့ အများပြည်သူ သိကြပြီးသား ဖြစ်မှာပါ။ နှစ်ပေါင်းများစွာ မြန်မာ့ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ သရုပ်ဆောင် လူရွှင်တော် ဦးမိုးဒီ နဲ့ ရိုက်ကူးထားတဲ့ “ထက်လင်း” ရင်လူးဆေး ကြော်ငြာထဲက စာသားတွေပါ။ NLD နဲ့ ထက်လင်း ရင်လူးဆေး ဘာဆိုင်သလဲလို့ မမေးကြပါနဲ့။ ဒီဆောင်းပါးကို ဖတ်ကြည့်ပြီးရင် ဆိုင်သလား။ မဆိုင်ဘူးလား။ ဆောင်းပါးရှင်က ပိုပိုလိုလို ပြောဆိုနေတာလား ဆိုတာ မှန်းဆ နိုင်ကြမှာပါ။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း တစ်နိုင်ငံလုံးက ပြည်သူတွေတင်မက မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားတဲ့ နိုင်ငံတကာကပါ စောင့်ကြည့်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ အပိုင်း(က) ဆိုင်ရာအပိုင်း လွှတ်တော်တွင်း ဆွေးနွေး၊ မဲခွဲ၊ ဆုံးဖြတ် ပြီးသွားခဲ့ပါပြီ။ တကယ်တော့ လွှတ်တော်တွင်းမှာ အဆိုတင်၊ နောက်ဆုံးအဆင့် မဲခွဲ ဆုံးဖြတ် တာဟာ အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လိုလားချက်တွေနဲ့ အခြား မပြင်ဆင်လို သူတွေ ငြင်းခုံ၊ မဲခွဲ ဆုံးဖြတ်ကြတာမျိုး မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အစောဆုံး ပြောဆိုခဲ့သူ၊ ပြည်သူကို ပင်ပင်ပန်းပန်းနဲ့ စည်းရုံးခဲ့သူ၊ အားစိုက်ထုတ်ခဲ့သူ အင်န်အယ်လ်ဒီ က တင်ပြချင်တာတွေဟာ လွှတ်တော်တွင်းကိုတောင် ရောက်လာတာ မဟုတ်ပါဘူး။ 

လက်ရှိ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ခဲ့တာဟာ ဦးသိန်းဇော် တင်သွင်းတဲ့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဥပဒေကြမ်း ဖြစ်နေလို့ပါ။ ဒါကြောင့်လည်း မဲ မခွဲခင် နောက်ဆုံးအချိန်မှာ အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ပုသိမ်အမတ် ဦးဝင်းမြင့်က အင်န်အယ်လ်ဒီ ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သဘောတူတယ်။ ဒါပေမယ့် ဥပဒေ မူကြမ်းထဲမှာ ပါတဲ့ ပြည်ခိုင်ဖြိုးက ပြင်ချင်တယ်ဆိုတဲ့ အချက်တွေကိုတော့ သဘောတူတာ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးနဲ့ အင်န်အယ်လ်ဒီ သဘောထားချင်း မတူဘူး။ ဒါကို လွှတ်တော်က မှတ်တမ်း တင်ပေးပါလို့ ပြောဆိုခဲ့ပြီး လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း မှတ်တမ်းတင်ပေး လိုက်တာပဲ ဖြစ်ပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းချက်ဟာ လွှတ်တော်တွင်းကိုတောင် တင်ပြခွင့် မရလိုက်ဘဲ အပြင်မှာကတည်းက ရှုံးနိမ့်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးကို အစောဆုံး ပြောခဲ့ပြီး အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့ သူတွေဟာ အင်န်အယ်လ်ဒီတွေ ဖြစ်တယ်ဆိုတာ တစ်တိုင်းပြည်လုံးတင်မက နိုင်ငံတကာ ကလည်း သိကြပါတယ်။ နဂိုက ဖွဲ့စည်းပုံကို ပြင်မလား။ အသစ် ပြန်လည် ရေးဆွဲရေး လုပ်မလား ဆိုတဲ့ သနင်္ဂဟ ဗျူဟာကို စဉ်းစားကြတဲ့အခါ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က လွဲရင် ကျန် အင်န်အယ်လ်ဒီ ခေါင်းဆောင်အားလုံး၊ အဖွဲ့ဝင် အားလုံး ပြင်ဆင်ဖို့ ဖက် မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဘယ်အချက်တွေကို ပြင်မလဲလို့ ပါတီတွင်း ဆက်ဆွေးနွေးကြပါတယ်။ ဒီမိုကရေစီ မကျတာ၊ ဖက်ဒရယ် ပြည်ထောင်စု မဆန်တာတွေ ပြင်ရမယ်လို့ ဆိုကြပါတယ်။ ဒီလိုနဲ့ ပြင်ဆင်ဖို့ ဆိုပြီး ရာနဲ့ ချီတဲ့ အချက်တွေ ထွက်လာပါတယ်။ ကောင်းပါပြီ။ ဒီလောက်များတဲ့ အချက်တွေကို ဘယ်လိုနည်းနဲ့ ပြင်ဆင်ရင် ဖြစ်နိုင်မလဲဆိုပြီး ဆက်ဆွေးနွေးကြတဲ့အခါ အင်န်အယ်လ်ဒီ ထဲက ဥပဒေပညာရှင် သက်တော်ရှည် အမတ်ကြီးတွေဆီက အလွန်ကောင်း မွန်တဲ့ နည်းလမ်းတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အင်န်အယ်လ်ဒီ ပါတီရဲ့ ထက်လင်းရင်လူးဆေး ရှာပုံတော် ခရီးရဲ့ အစပါ။

သက်တော်ရှည် အမတ်ကြီးတွေက ဒီအခြေခံဥပဒေ အားလုံးရဲ့ သော့ချက်ဟာ ပုဒ်မ ၄၃၆ ဖြစ်တယ်။ ဒီ ပုဒ်မ ၄၃၆ မှာ တပ်မတော်သားတွေက သဘောမတူရင် ဖွဲ့စည်းပုံကို မပြင်နိုင်အောင် လုပ်ထားတယ်။ ဒီတော့ ပုဒ်မ ၄၃၆ ကို ပြင်လိုက်နိုင်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး တံခါးကြီး ပွင့်သွားလိမ့်မယ်။ ဒီအခါ အခြား ကိုယ်ပြင်လိုရာတွေကို တပ်မတော်သားတွေ သဘောတူတူ မတူတူ အလွယ်တကူ ပြင်နိုင်ကြတော့မယ်ဆိုတဲ့ အရေးအကြီးဆုံး တံခါးကို အရေးအကြီးဆုံး သော့နဲ့ စဖွင့်ဖို့ ဆုံးဖြတ်ကြပါတယ်။ တိတိကျကျ ပြောရရင် အင်န်အယ်လ်ဒီ ဥပဒေ ပညာရှင် အမတ်ကြီးတွေရဲ့ အကြံပေးချက်အရ ပုဒ်မ ၄၃၆ နေရာမှာ ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲက အမတ်အားလုံးရဲ့ ထက်ဝက်ကျော် ဒါမှမဟုတ် တပ်မတော်သား အမတ်တွေ မပါဘဲ ရွေးကောက်ခံတွေချည်း သက်သက်ဆို အမတ်သုံးပုံ နှစ်ပုံရဲ့ သဘောထား ဆန္ဒနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရချင်တယ်ဆိုတာ အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး အဓိက သနင်္ဂဗျူဟာ ဖြစ်လာပါတော့တယ်။ ဒါကို ပံ့ပိုးပေးနိုင်ဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ရှိ “အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဖို့ လုပ်ကိုင် ဆောင်ရွက်နေတာဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ စစ်တန်းလျား ပြန်ရေးပဲ” ဆိုတာမျိုး ပြောဆိုပြီး ပြည်သူတွေကို စည်းရုံးခဲ့ပါတယ်။ 

ဒီလိုနဲ့ ဦးသိန်းဇော်ရဲ့ ပြည်ခိုင်ဖြိုးက တင်တဲ့ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း လွှတ်တော်ထဲ ဆွေးနွေးဖို့ ဖြစ်လာပါတယ်။ တကယ်တော့ ဒီဥပဒေကြမ်းပါ (၆) ချက်စလုံး အတည်ပြုသည် ဖြစ်စေ၊ အားလုံး ပယ်ချခံရသည်ဖြစ်စေ အင်န်အယ်လ်ဒီလည်း အကျိုး မရှိ၊ ပြည်သူတွေလည်း အကျိုးရှိတာ မဟုတ်ပါဘူး။ ဆိုင်သည် ဖြစ်စေ၊ မဆိုင်သည် ဖြစ်စေ အင်န်အယ်လ်ဒီ အမတ်တွေကတော့ အင်န်အယ်လ်ဒီက လိုလားတဲ့ ပုံစံအတိုင်း ပုဒ်မ ၄၃၆ ပြင်ရေး ရဲရဲတောက် မိန့်ခွန်းတွေ လွှတ်တော်တွင်းမှာ ပြောကြပါတော့တယ်။ အကျိုးဆက် ကတော့ အင်န်အယ်လ်ဒီ အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ ခါးခါးသီးသီး ဖြစ်ပြီး သတင်းနားထောင်၊ ရုပ်သံကြည့် ပြည်သူတွေရဲ့ တပ်မတော်သား အမတ်တွေအပေါ် အမုန်းပွားတာပဲ အဖတ်တင်ခဲ့ပါတယ်။ အင်န်အယ်လ်ဒီက အကောင်အထည် ဖော်နေတဲ့ အရေးအကြီးဆုံး တံခါးကို အရေးအကြီးဆုံး သော့နဲ့ မဖွင့်နိုင်ရုံမက၊ တံခါးဝနားကိုတောင် ကပ်လို့ မရခဲ့ပါဘူး။ ပြောရရင် အင်န်အယ်လ်ဒီဟာ ဒီ ၄၃၆ ဆိုတဲ့ တံခါးကြီးဟာ အရင်ဆုံး ဖွင့်ရမယ့် တံခါးလား။ နောက်ဆုံးမှ ဖွင့်ရမယ့် တံခါးလား။ ဘယ်လို ဖွင့်မှ ရမလဲ ပြန်စဉ်းစားဖို့ လိုနေပါပြီ။ ထက်လင်း ရင်လူးဆေး ရှာနေတာ မှန်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်ဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
“ တားတို့ ဖွဲ့စည်းပုံမှာ ပြင်ချင်တာ ပြင်လို့ရပြီ၊ သူတို့တွေ ဗီတို မသုံးနိုင်တော့ဘူး။ ဥပဒေ ပြုချင်တာ ပြုလို့ရပြီ။ သူတို့ မကန့်ကွက်နိုင်တော့ဘူး။ အဲဒါ ၄၃၆ ပြင်ဆင်ရေး သော့နဲ့ ဖွင့်လို့၊ ပင်မ တံခါးကြီး ပွင့်သွားလို့ပေါ့”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags