တိုက်ပွဲရပ်ရေး RCSS နှင့် TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်

တိုက်ပွဲရပ်ရေး RCSS နှင့် TNLA တို့ နှစ်ပတ်အတွင်း ဆွေးနွေးနိုင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။          ။တိုက်ပွဲများရပ်တန့်နိုင်ရေး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS  နှင့် တအောဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ နှစ်ပတ် အတွင်းဆွေးနွေးနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ဗိုလ်မှူး စိုင်းစုက ဖေဖော်ဝါရီ ၁၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"နောက်နှစ်ပတ်အတွင်းသူတို့နှစ်ဖက်တွေ့ဖြစ်နိုင်မယ်ထင်ပါတယ်။ အဲဒီအတွက်လည်း ဒီကြားထဲမှာ နှစ်ဖက်လုံးကို သွားအသိပေးမှာပါ။ အဲဒီမတိုင်ခင် ကျွန်တော်တို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်လုံးလည်း ပြင်ဆင်မှုတွေရှိမယ်လို့ ထင်ပါတယ်။" ဟု SSPP မှ ဗိုလ်မှူး စိုင်းစုကပြောသည်။

RCSS နှင့် TNLA တို့အကြားလက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်နိုင်ရေး SSPP နှင့်  ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တို့က ကြားဝင်ညှိနှိုင်းပေးနေခြင်းဖြစ်သည်။ RCSS နှင့် TNLA တို့ တွေ့ဆုံနိုင်ရန်စီစဉ်းပေးနိုင်ရေးအတွက် UNFC နှင့် SSPP တို့က ဒီဇင်ဘာလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ ၁၃ရက်နေ့တို့တွင် နှစ်ကြိမ်တို့ တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တိုက်ပွဲများရပ်တန့်ရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် RCSS မှ ဗိုလ်မှူးကြီး သက်လှ က"အခုတိုက်ပွဲဖြစ်တဲ့နေရာတွေမှာအရင်ကတည်းက ရှမ်းတွေနေခဲ့တာပဲ အခုမှသူပိုင်တယ်ငါပိုင်တယ်ဆိုပြီး တိုက်နေတာထက် အားလုံးအတူနေထိုင်နိုင်ဖို့ အမှန်တရားကိုအခြေခံပြီးတော့ ဆွေးနွေးသင့်တယ်။" ဟု ဆိုသည်။

လက်ရှိတိုင်းရင်းသားအချင်းချင်းအကြားဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေး ကြသည့်အခါ အခက်အခဲ၊ အတားအဆီးများဖြစ်ပေါ်နိုင်သည့်အပြင် အားလုံးရည်မှန်းသည့် ပြည်ထောင်စု ရရှိနိုင်ရေးအတွက် ခက်ခဲနိုင်သည်ဟု ၎င်းကဆိုသည်။

TNLA  မှ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားကလည်း "ကျွန်တော်တို့ဘယ်အချိန်နှစ်ဖက်ထိပ်တိုက်ဆွေးနွေးရမလဲ ဆိုတာကိုလာပြောတာကိုမရှိဘူး။ ဆွေးနွေးဖို့တော့အသင့်ပါ။ လူနဲ့ကောစာပို့တာကောလုံးဝမရှိသေးဘူး။ တိုက်ပွဲတွေကြောင့် နောင်အချိန်ငြိမ်းချမ်းရေးဆွေးနွေးရင် နယ်မြေကိစ္စတွေက ပြဿနာဖြစ်လာနိုင်တယ်။" ပြောသည်။

ကြားဝင်ညှိနှိုင်းပေးမည့် SSPP အနေဖြင့်လက်ရှိ တိုက်ပွဲများကြောင့်ထွက်ပြေးနေရသူများအရေး ကယ်ဆယ်ရေး လုပ်ငန်းများအတွက်လိုက်လံကူညီနေပြီး နှစ်ဖက်ဆွေးနွေးနိုင်ရေးအတွက်လည်း ပြင်ဆင်မှုများပြုလုပ်နေသည် ဟု SSPP ၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းစုကဆိုသည်။

"စစ်မျက်နှာပြင်မှာ အခုအနေအထားက TNLA နဲ့ RCSS အပြင် အစိုးတပ်ကပါရှိနေတယ်။ RCSS ကကြားမှာ ရောက်နေတယ်။ ပြန်ဆုတ်မယ်ဆိုရင်တောင် တပ်နဲ့အဆင်ပြေမှဆုတ်လို့ရမယ်လို့ထင်မိတယ်။ ဒီကိစ္စကိုတော့ သူတို့တွေဆွေးနွေးတဲ့အခါမှပဲ အဖြေရနိုင်မယ်။" ဟု ၎င်းကပြောသည်။

SSPP က တိုက်ပွဲဖြစ်ပွားနေသည့် TNLA နဲ့ RCSS တို့အကြားစေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် ကိုယ်စားလှယ်များ စေလွှတ်ဆောင်ရွက်နေသည်ဟု ဖေဖော်ဝါရီ ၁၂ရက်က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သေးသည်။

TNLA နှင့် RCSS တို့အကြား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ တိုက်ပွဲများဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ရက်၊ ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်က ရှမ်းပြည်နယ်ရှိတိုက်ပွဲများရပ်တန့်နိုင်ရေး  အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ဆွေးနွေးရန်ဆုံးဖြတ်ထားသည်။

၎င်းတို့နှစ်ဖက်အကြားဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ ကျောက်မဲမြို့တွင် နှစ်ထောင်ကျော်၊ ကန့်ကာ၊ မိုင်းလုံ၊ မိုးမတ်တို့တွင် စုစုပေါင်း ၅၀၀နီးပါးနှင့် မိုင်းဝေးတွင် တစ်ထောင်မှ နှစ်ထောင်အကြားထိရှိနေပြီဟု နှစ်ဖက်တပ်ဖွဲ့များမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags