တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းဖြစ်သည့် ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရန် ၈၈ မျိုးဆက်တောင်းဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်းဖြစ်သည့် ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရန် ၈၈ မျိုးဆက်တောင်းဆို
Photo - EPA

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားနေသည့် နှစ်ဖက် လက်နက်ကိုင်တပ်များကို တိုက်ပွဲများ ရပ်တန့်ရန် တွေ့ဆုံမေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုဂျင်မီက ပြောသည်။

ဖေဖော်ဝါရီလ(၁၅)ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများထံသို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း နေသည့် ကိုဂျင်မီထံသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းစဉ် ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"နှစ်ဖက်ကခေါင်းဆောင်တွေက ဒီစစ်ပွဲတွေကို ရပ်ပြီး တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားရလိမ့်မယ်။ ကျွန်တော်တို့ ကြိုးစားနေတယ်။ RCSS ဖက်ကတော့ ကျွန်တော်တို့ ဆက်သွယ်လို့လွယ်နိုင်ပါတယ်။TNLA ပလောင် တပ်ဖွဲ့ဖက်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ်။ နောက်ဆုံးအခြေနေကတော့ ဆက်သွယ်နိုင်တဲ့ အခြေနေ ရမှာပါ" ဟု ကိုဂျင်မီက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ လာရောက် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ရှိပြီး လက်ရှိတွင် အဝတ်အထည်နှင့် ကျောင်းသား /ကျောင်းသူ ကလေးငယ်များအတွက် ကျောင်းဝတ်စုံများ လိုအပ်နေကြောင်းလည်း သိရသည်။

" အဓိက ကတော့ သူတို့ကိုသွားခွင့်ပေးဖို့ပါပဲ။ ရွာကနေဆိုရင်လည်း ထွက်ခွာခွင့်ပေးပေါ့။ သူတို့ ဆန္ဒရှိရင် ထွက်ခွာခွင့်ပေးပေါ့နော်။ ကျန်တာတော့ သူတို့အပိုင်းဆိုင်ရာတွေတော့ ကျွန်တော်တို့လည်းမပြောချင်ဘူးပေါ့။ သူတို့အချင်းချင်း ဖြစ်တဲ့ဟာတွေကတော့။ အန္တရယ်မပေးဖို့ အန္တရယ်မပြုဖို့ပေါ့နော်" ဟု ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်ကူညီကယ်ဆယ်နေသည့် လားရှိုးနယူး အွန်လိုင်းပရဟိတအဖွဲ့မှ ကိုသိန်းမင်းထွန်းက ပြောသည်။

အဆိုပါ စစ်ပွဲပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးသင့်ပြည်သူ ၃၀၀၀ကျော်အား ကျောက် မဲမြို့ပေါ်ရှိ ဘိုးဘွားရိပ်သာနှင့် ဘုန်ကြီးကျောင်းတို့တွင် ခိုလုံခွင့်ပေးထားပြီး လက်ရှိတွင် စစ်ဘေးရှောင်စခန်း (၁၂)ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ခမ်း စသည့်မြို့နယ်များနှင့် အနီးတဝိုက်တွင် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသားလွှတ်မြောက် ရေးတပ်ဖွဲ့ (TNLA)တို့ ကြား ၂၀၁၅ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေကာ လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေး ဒေသခံပြည်သူ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးနေရခြင်း ဖြစ်သည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအား ရပ်တန့်ပေးရန် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးအင်အားစုများနှင့် ရှမ်းပြည်တိုးတက်ရေးပါတီကလည်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required