ကချင်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ အစိုးရ လုံခြံုရေးမပေးသော်လည်း အင်အား ၂၀၀၀ဖြင့် ဘိန်းတိုက်ဖျက်မည်

ကချင်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ အစိုးရ လုံခြံုရေးမပေးသော်လည်း အင်အား ၂၀၀၀ဖြင့် ဘိန်းတိုက်ဖျက်မည်

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၆ ။           ။ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်နယ်အစိုးရဘက်မှ လုံခြုံရေး တာဝန်ယူပေးခြင်း မရှိသော်လည်း လူထုအခြေပြု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)မှ အင်အား ၂၀၀၀ ကျော်သည် ကန်ပိုင်တီဒေသဘက်ရှိ ဘိန်းခင်းများ တိုက်ဖျက်ရန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်ထွက်ခွာတော့မည်ဖြစ်သည်။

“အစိုးရက လုံခြုံရေး မလိုက်ပေးနိုင်တော့ဘူး။ ဒါပေမဲ့ လူထုဆန္ဒက လုံးဝ မလျော့ဘူး။ မူးယစ်ဆေးဝါး ဆက်တိုက်ဖျက်ဖို့ မနက်ဖြန်တော့ စထွက်တော့မယ်”ဟု ကချင်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဦးလုန်ဂျွန်တူးရော်က မဇ္ဈိမကို ပြောသည်။

ဘိန်းခင်းစိုက်ပျိုးသူများက တားဆီးပိတ်ပင်မှုများကြောင့် ပြည်နယ်အစိုးရ ရဲတပ်ဖွဲ့မှ လုံခြုံရေးယူပေးရန် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တောင်းဆိုခဲ့သည်။ သို့သော် Pat jasan အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)လည်း ပါဝင်နေခြင်းကြောင့် လုံခြုံရေးတာဝန် မယူနိုင်တော့ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ အထွေထွေအတွင်းရေးမှူး   ဒေါက်တာခလမ်ဆမ်စွန်က ပြောသည်။

“Pat jasan အဖွဲ့က တာဝန်ရှိသူတွေက ကချင်ပြည်နယ်အစိုးရ သက်ဆိုင်ရာအားလုံးကို တင်ပြတဲ့အချိန်မှ လုံခြုံရေးကို မပေးနိုင်ဘူးပေါ့။ ကျနော်တို့လည်း ပြည်သူရဲ့ ဆန္ဒအတိုင်း လုံခြုံရေး မရှိပေမဲ့လည်း ကျနော်တို့က ရွာတွေကို ညှိနှိုင်း ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ သွားမယ်။ ရုန်းရင်းဆန်ခတ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ အခု ကျနော်တို့ အင်အားက ၂ ထောင်ကျော်ကတော့မနက်ဖြန်ထွက်မယ်။ နောက်ထပ်လည်း လိုအပ်ရင် လိုအပ်သလို ကျနော်တို့ အင်အား ၄၀၀၀ လောက်ထိ ဖြည့်စွက်ဖို့ ရှိပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ကန့်ပိုင်တီဒေသဘက်မှ ဘိန်းစိုက်ပျိုးသူများကို ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့လည်း ကြိုတင်ရှင်းလင်း ညှိနှိုင်းမည့် အဖွဲ့တစ်ဖွဲ့လည်း သွားရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)သို့ လုံခြုံရေး တာဝန်ယူပေးရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ုကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လည်း ပါဝင်နေသဖြင့် လုံခြုံရေး တာဝန်မယူပေးနိုင်တော့ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

“ဒီတခေါက်တော့ အစိုးရဘက်က လုံခြုံရေးမပေးနိုင်တော့ဘူး။ အကြောင်းပြချက်ကတော့ အမျိုးမျိုးရှိပါတယ်။ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကေအိုင်အေပါတယ်လို့ သူတို့ထင်ကြတယ်။ အမှန်ဆို ဒါက ပြည်သူလှုပ်ရှားမှုပါပဲ။ ဘာသာပေါင်းစုံ၊ ကချင်မျိုးနွယ်စုတွေ အားလုံး ပူးပေါင်းပြီးမှ ကျနော်တို့ကို ဒုက္ခပေးနေတဲ့ မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျန်တာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး”ဟု ပြောသည်။

လက်ရှိ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ၊ ဆဒုံးစသည့် တရုတ်-မြန်မာနယ်စပ်ဒေသများတွင် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဧက ၁၀၀၀ ကျော် တိုက်ဖျက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အဆိုပါ ဒေသများတွင် ဘိန်းခင်း ဧကပေါင်း ၁ သောင်းကျော်ရှိနေသေးသဖြင့် ထပ်မံ သွားရောက်ဖျက်ဆီးမည်ဟု သူက ပြောသည်။

KBC ဘိန်းခင်းတိုက်ဖျက်ရေးတွင် တားဆီးမှုများ ရှိနေသော်လည်း ကမ္ဘာ့ရန်သူဖြစ်သော မူးယစ်ဆေးဝါးအား တစ်နိုင်ငံလုံး အတိုင်းအတာ ဆက်လက် တိုက်ဖျက်သွားရန်အတွက် ဘာသာပေါင်းစုံမှ ဆုတောင်းကြရန်နှင့် အလှူငွေများဖြင့် ကူညီထောက်ပံ့ကြရန် KBC က ဖေဖော်ဝါရီလ ၁၃ ရက်က ကြေငြာချက် ထုတ်ပြန်၍ တိုက်တွန်းထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်ထိ ဆဒုံး၊ ကန်ပိုင်တီဒေသသို့ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့ အင်အား ၅၅ ဦး လုံခြုံရေး တာဝန်ယူပေးခဲ့သော်လည်း ဘိန်းခင်းစိုက်ပျိုးသူ ဒေသခံများမှ မိုင်းထောင်ခြင်းနှင့် လေးဂွများဖြင့် ပစ်ခတ် တားဆီး ပိတ်ပင်မှုများ ရှိခဲ့သဖြင့် ပြန်လှည့်လာခဲ့ရခြင်း ဖြစ်သည်။

ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှစတင်၍ ကချင်ပြည်နယ် ပူတာအို၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ကန်ပိုင်တီ၊ ဆဒုံ စသည့်ဒေသများရှိ ဘိန်းခင်း ဧကပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်က တနိုင်းဒေသရှိ ဘိန်းခင်းများအား သွားရောက် ဖျက်ဆီးနေသော ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အား ဘိန်းစိုက်ပျိုးသူများက တူမီးလက်နက်ဖြင့် တားဆီး ပစ်ခတ်ခဲ့သဖြင့် ကချင်လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required