မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ်(၇၀)ပြည့် နှစ်ပတ်လည်အခမ်းအနား

15 February 2016
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ်(၇၀)ပြည့် နှစ်ပတ်လည်အခမ်းအနား

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား - MRTV နဲ့ ကျွန်တော်တို့ မဇ္ဈိမမီဒီယာတို့ နှစ်ဦးအကျိုးတူထားတဲ့ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်ပေါင်းဟာ လက်ရှိအချိန်အထိ ကဏ္ဍ (၆)ခုအထိရှိနေပြီဖြစ်ပါတယ်။ ဒီလိုပူးပေါင်းထုတ်လွှင့်မှုတွေကို ၂၀၁၃ခုနှစ်၊ ဇွန်လကနေစတင်ခဲ့တာဖြစ်ပြီးအချိန် (၃)နှစ်အတွင်းမှာ မီဒီယာနှစ်ခုပူးပေါင်းမှုကို ပိုမိုကောင်းမွန်တဲ့အမြင် ၊ ပေါင်းစပ် ညှိနှိုင်းမှုတွေနဲ့ အတူအခုလိုမျိုး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ နှစ် (၇၀)ပြည့်ခရီးလမ်းမှာ ပါဝင်လာနိုင်ခဲ့တာပါ။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသလျက်ရှိတဲ့ ကျွန်တော်တို့မီဒီယာနှစ်ခုရဲ့ ရုပ်သံအစီအစဉ်တွေကတော့ 

(၁) Myanmar Business News- မြန်မာစီးပွားရေးသတင်းအစီအစဉ်

(၂) Hyper Sports အားကစားသတင်းကဏ္ဍ

(၃)Women InMyanmr Society-မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ

(၄) Tasty Trip -ရသများနှင့် ခရီးသွားခြင်း

(၅) Meet the Successful -အောင်မြင်သူများနှင့်အတူ

(၆) The Farmer -လယ်သမားအစီအစဉ်

စတဲ့ရုပ်သံထုတ်လွှင့်မှုအစီအစဉ်တွေပဲဖြစ်ပါတယ်။

အစီအစဉ်တစ်ခုခြင်းဆီကိုထုတ်နှုတ်တင်ပြခြင်း

(၁) Myanmar Business News- မြန်မာစီးပွားရေးသတင်းအစီအစဉ်

MRTV နဲ့ Mizzima Media တို့ နှစ်ခုရဲ့ အစောဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံးရုပ်သံပူးပေါင်းထုတ်လွှင့်မှုဖြစ်တဲ့ မြန်မာစီးပွားရေးသတင်းအစီအစဉ်ကို ၂၀၁၃ခုနှစ်၊ ဇွန်လ (၈)ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် ဇွန်လ (၅)ရက်နေ့နဲ့ (၆)နေ့တွေမှာနေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့အတူပေါက်ဖွားလာခဲ့တဲ့ ဒီအစီအစဉ်ဟာMRTV ရဲ့ နှစ်(၇၀)ပြည့်နဲ့အတူုထုတ်လွှင့်မှုအပိုင်းပေါင်း (၁၄၀) ကျော်နဲ့ အချိန် (၃)နှစ်ထဲကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ မီဒီယာနှစ်ခုရဲ့ပထမဆုံးခြေလှမ်းစီးပွားရေးသတင်းအစီအစဉ်ဟာမြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေPublic Service Broadcasting ပြည်သူဝန်ဆောင်မှုရုပ်သံထုတ်လွှင့်ခြင်း ခြေလှမ်းသစ်တစ်ရပ်ကို စတင်ခဲ့တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်ဆိုရင် မမှားပါဘူး။

လက်ရှိ MRTVကနေ ထုတ်လွှင့်ပြသနေတဲ့ စီးပွားရေးသတင်းအစီအစဉ်ဟာ ၂၀၁၀ခုနှစ်မှာစတင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးစီးပွားရေး သတင်းကဏ္ဍဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ ကျွန်တော်တို့ မီဒီယာနှစ်ခုပူးပေါင်းထုတ်လွှင့်ဖို့ ရည်ရွယ်ခဲ့တာက နိုင်ငံရေး အပြောင်းအလဲတွေကြားဖြစ်ပေါ်လာတဲ့ ပြည်တွင်းစီးပွားရေး အခြေအနေတွေကို အများပြည်သူသိရှိလေ့လာနိုင်အောင်ဆိုတာပါ။ ဒီလိုတင်ဆက်နေရင်းနဲ့ ၂၀၁၄ ခုနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းမှုအရှိန်ဟာ မြင့်တက်ခဲ့ပါတယ်။ ဒါကစီးပွားရေးသတင်းထုတ်လွှင့်ခြင်း အချိန်ကို တိုးမြှင့်လိုက်ခြင်းပါတယ်။ ဒီ့မတိုင်ခင် ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်အတွက် ထုတ်လွှင့်မှုအချိန်ဟာ ၁၅ မိနစ်တာ အချိန်ပဲဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်ချိန်ကိုနောက်ထပ် ၇ မိနစ်တိုးမြှင့်ဖို့ သဘောတူညီမှုရရှိချိန်မှာတော့ အခုမြင်တွေ့နေရတဲ့ 7 Minutes အစီအစဉ်ဖြစ်ပေါ်လာခဲ့တာပါ။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံစီးပွားရေးလောကထဲက လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းပြည်ပ စီးပွားရေးအဖွဲ့အစည်းအသီးသီးကို သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူး အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးသတင်းအစီအစဉ်ကိုတော့ အပတ်စဉ် စနေနေ့ညနဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းတွေမှာ ထုတ်လွှင့်လျက်ရှိပါတယ်။

(၂) Hyper Sports အားကစားသတင်းကဏ္ဍ

စီးပွားရေးသတင်းတွေကို ထုတ်လွှင့်နေတဲ့ လပိုင်းအနည်းငယ်ထဲမှာပဲ အခုမြင်တွေ့နေရတဲ့ HyperSports အားကစားသတင်းအစီအစဉ်ကို MRTV ကနေ ထပ်မံထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးဒီသီတင်းပတ်ထဲမှာဆိုရင် သတင်းအစီအစဉ်ပေါင်း (၁၀၉)ပိုင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။

HyperSports အစီအစဉ် အနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းရှိ အပတ်စဉ်ဖြစ်ပေါ်နေတဲ့ အားကစားအမျိုးမျိုး ဆိုင်ရာသတင်းများ၊ ကမ္ဘာ့အားကစားသတင်းများ၊ ဘောလုံးပွဲသုံးသပ်ချက် (အလှဆုံးပွဲကဏ္ဍ)၊ အားကစားအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ခံစားမှု (Sport Cinema) စတဲ့ အကြောင်းအရာတွေကို အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပြီး အားကစားဝါသနာပါသူတိုင်း စောင့်မျှော်ကြည့်ရှုကြရသည့် အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ညနဲ့ စနေနေ့မနက်တွေမှာ တစ်ပတ်ကို နှစ်ကြိမ်ထုတ်လွှင့်နေတာဖြစ်ပါတယ်။

 

(၃)Women InMyanmr Society- မြန်မာ့အသိုက်အဝန်းထဲမှ အမျိုးသမီးများ

မြန်မာနိုင်ငံနယ်ပယ်ကဏ္ဍ အသီးသီးက အမျိုးသမီးအကြောင်း၊ အမျိုးသမီးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ တိုင်းရင်းသားအမျိုးသမီးများရဲ့ ဘဝနေထိုင်မှုပုံရိပ်တွေကို တင်ဆက်ဆက်နေတဲ့ မြန်မာ့သိုက်အဝန်းထဲက အမျိုးသမီးများ အစီအစဉ်ဖြစ်ပါတယ်။ ဒါကိုတော့ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဖော်ဖော်ဝါရီ လထဲမှာ ထုတ်လွှင့်မှုအစီအစဉ်ပေါင်း ၁၀၃ ပိုင်းအထိ ရှိလာပြီဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ တနင်္ဂနွေညနဲ့ တနင်္လာနေ့ မနက်တွေမှာ တစ်ပတ်ကို နှစ်ကြိမ်ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ရိုက်ကူးထုတ်လွှင့်မှုတွေကိုတော့ မြန်မာအမျိုးသမီးများ စွမ်းရည်ထက်မြက်လာစေရန်၊ မြန်မာ့လူမှုဝန်းကျင်ကို ပညာပေးရန်၊ မူဝါဒဆုံးဖြတ်ချမှတ်သူတွေကို အကြံပေးနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအစီအစဉ်ထဲမှာဆိုရင် အမျိုးသမီးတစ်ဦးချင်းဆီရဲ့ ရုပ်ပုံလွှာအစီအစဉ်နဲ့ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတွေကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူး အစီအစဉ်လည်းပါဝင်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာ့အမျိုးသမီးထုအတွက် ခိုင်မာစွာရပ်တည်ပေးနေပြီး အမျိုးသမီးကဏ္ဍကို သီးသန့်ဖော်ပြပေးနေတဲ့ အစီအစဉ်ဖြစ်ပြီး အမျိုးသမီးတွေအပြင် အမျိုးသားများနဲ့ မိသားစုဝင်များကပါ စောင့်ကြည့်နေရတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

(၄) Tasty Trip -ရသများနှင့် ခရီးသွားခြင်း

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသတွေကို သွားရောက်မှတ်တမ်းတင်ရိုက်ကူးထားတဲ့ Tasty Trip -ရသများနှင့် ခရီးသွားခြင်း-ခရီးသွားအစီအစဉ်ကိုတော့ MRTV မှာတနင်္ဂနွေနေ့ညနဲ့ တနင်္လာနေ့နေ့လည်ပိုင်းတွေမှာ တစ်ပတ်ကိုနှစ်ကြိမ်ထုတ်လွှင့်လျက်ရှိပါတယ်။ တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝပုံစံ၊ ရိုးရာဓလေ့၊ ဘာသာစကား၊ စီးပွားရေးအခြေအနေနဲ့ ဒေသအလှအပတွေကို အဓိက အသားပေးရိုက်ကူးထုတ်လွှင့်လျက်ရှိတဲ့ ရသများနှင့်ခရီးသွားခြင်း အစီအစဉ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ဒီနေ့အချိန်မှာ ထုတ်လွှင့်မှု အပိုင်းပေါင်း ၆၇ပိုင်းကို ရောက်လာ ပြီဖြစ်ပါတယ်။

(၅) Meet the Successful -အောင်မြင်သူနှင့်အတူ

Meet the Successful- အောင်မြင်သူနှင့်အတူ အစီအစဉ်က မြန်မာနိုင်ငံ နယ်ပယ်ကဏ္ဍအသီးသီးမှာ ရပ်တည်အောင်မြင် နေသူတွေရဲ့ အတွေ့အကြုံ၊ သူတို့ရဲ့တကယ့်ဘဝနဲ့ သူတို့ပြောပြချင်တဲ့ စကားသံတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့မနက်နဲ့ တနင်္ဂနွေနေ့မနက်တွေမှာ MRTV ရဲ့ အစီအစဉ်တစ်ခုအဖြစ် တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်အထိတင်ဆက်မှုပေါင်း ၃၀ အထိရှိလာပါပြီ။

(၆) The Farmer -လယ်သမားအစီအစဉ်

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်မှာ စတင်တင်ဆက်ခဲ့တဲ့ The Farmer- လယ်သမား အစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍအတွက် နည်းပညာနဲ့ သတင်းအချက်အလက်တွေကို ကြည့်ရှုလေ့လာရမှာဖြစ်ပါတယ်။

ခေတ်မီ စိုက်ပျိုး၊မွေးမြူရေးနည်းပညာတွေကို ကျေးလက်နေတောင်သူဦးကြီးတွေဆီကို အရောက်ပို့ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်အခြေအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ရာသီဥတုအခြေအနေတွေကိုပါ သိရှိနိုင်ဖို့ တင်ဆက်ပေးထားပါတယ်။

The Farmer - လယ်သမားအစီအစဉ်ကိုတော့ MRTV ကနေအပတ်စဉ် သောကြာနေ့ညနဲ့ စနေနေ့မနက်တွေမှာတစ်ပတ် ကို နှစ်ကြိမ် ထုတ်လွှင့်တင်ဆက်နေပါပြီ။

လိုအပ်ချက်တွေကို ညှိနှိုင်းရင်းနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ပူးပေါင်းခွင့်ရရှိခဲ့တာဟာ ရင်ခုန်စရာကောင်းတယ်လို့ မြင်ပါတယ်။ အခုဆိုရင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ နှစ် ၇၀ ခရီးလမ်းမှာ မဇ္ဈိမမီဒီယာရဲ့ အစီအစဉ်တွေဟာလည်း တစ်ခန်းတစ်ကဏ္ဍအနေနဲ့ ပါဝင်လာနိုင်ခဲ့ပါပြီ။

ကြိုးစားတင်ဆက်လာရင်းနဲ့ ရာပြည့်အစီအစဉ်တွေကနေ ထောင်ပြည့်အစီအစဉ်များအဖြစ် ကာလရှည်ကြာစွာ ကျွန်တော်တို့ရဲ့ မီဒီယာ၂ခုပူးပေါင်းမှုကနေ အများပြည်သူများ ပိုပြီးစိတ်ဝင်စားစေမယ့် .. ပြီးတော့ လူထုကိုအကျိုးပြုနိုင်မယ့် အစီအစဉ်ကောင်းတွေကို တင်ပြသွားဦးမယ်ဆိုတာပြောကြားရင်း မြန်မာအသံနဲ့ရုပ်မြင်သံကြားရဲ့ နှစ် ၇၀ ခရီးကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required