နာမည်ပျက် ကြေငြာခံရတာတောင် နည်းသေး

နာမည်ပျက် ကြေငြာခံရတာတောင် နည်းသေး

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ အသုံးစားရိတ် မတင်ပြတဲ့ အမတ်လောင်း ၇၀ ကျော် နာမည်ပျက်စာရင်း ကြေငြာခံရဖွယ်ရှိနေပါတယ်။ အားလုံးလိုလိုလောက် ဟာ ရွေးကောက်ပွဲမှာ အရွေးချယ် မခံရသူတွေပါ။ သူတို့တွေဟာ သတ်မှတ်အချိန်ကာလအတွင်း ရွေးကောက်ပွဲ ကုန်ကျစားရိတ် စာရင်းတွေကို သက်ဆိုင်ရာ ကော်မရှင်ဆီ တင်သွင်းရမှာပါ။ အဲလို တင်သွင်းဖို့ ပျက်ကွက်သူ ၂၀၀ ကျော်ရှိပြီး အားလုံးကို ကော်မရှင်က ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ အဲဒီအထဲကမှ အကြောင်းပြချက် မခိုင်လုံတဲ့ အယောက် ၇၀ နဲ့ ပတ်သက်ပြီး လာမယ့် ဖေဖေါ်ဝါရီ ၂၀ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မှာ ဖြစ်ပြီး နောက်ပိုင်း သူတို့ကို အမည်ပျက်စာရင်း ဝင်သူတွေအဖြစ် နိုင်ငံတော်ပြန်တမ်းမှာ ကြေငြာမှာ ဖြစ်ပါတယ်။ ဘယ်လောက် ရှက်စရာ ကောင်းလိုက်တဲ့ အဖြစ်ပါလဲ။ အဲလိုလူတွေကို နာမည်ပျက်စာရင်း သွင်းပြီး တိုင်းသိ ပြည်သိ ကြေငြာတာ သင့်တော်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ရွေးကောက်ပွဲမှာ အမတ်လောင်းတွေ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တယ် ဆိုတာဟာ ပြည်သူတွေရဲ့ အကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ လွှတ်တော်တွင်း ရောက်သွားရင် မေးခွန်းတွေမေးတာ၊ အဆိုတွေတင်တာ၊ ဥပဒေတွေ ဆွေးနွေးတာ၊ ဥပဒေကြမ်းတွေ တင်သွင်းတာ စတဲ့နည်းတွေနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ကြဖို့ ဖြစ်ပါတယ်။ အလားတူ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေရဲ့ အမတ်ဖြစ်တာနဲ့အညီ အဲဒီ မဲဆန္ဒနယ်မြေက ပြည်သူတွေ အကျိုးရှိရာရှိကြောင်း ၊ လိုအပ်ချက် ရှိရာရှိကြောင်း ကိစ္စတွေမှာ ကူညီပေးဖို့ ဖြစ်ပါတယ်။ အဲလို ပြည်သူ့အကျိုးဆောင်ပါ့မယ်၊ ကျွန်တော့်ကို မဲပေးပါ၊ ကျွန်မ ကို မဲပေးပါ ဆိုပြီး ပြည်သူလူထုကို စည်းရုံးရတာမျိုးဖြစ်ပါတယ်။

ပြည်သူ့အကျိုးဆောင်မယ် ဆိုတာဟာ အမတ်အဖြစ် အရွေးမခံရခင်ကတည်းက လုပ်ကိုင်ဆောင်ရွက်နေကြရမှာ ဖြစ်သလို၊ မဲဆွယ် စည်းရုံးချိန်မှာလည်း လုပ်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးရေးကာလ နောက်ပိုင်း၊ ရွေးကောက်ပွဲ ပြီးသွားချိန် နောက်ပိုင်းမှာလည်း ပြည်သူ့အကျိုး သယ်ပိုးနေကြရမှာဖြစ်ပါတယ်။ ဒါမှ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ အမတ် ဖြစ်ထိုက်သူပါ။ ကျင်းပပြီးသွားတဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကာလ ကို ပြန်ကြည့်လိုက်ရင် ခါတော်မီ နိုင်ငံရေးပါတီ အတော်များများ ပေါ်လာပါတယ်။ အလားတူ ရွေးကောက်ပွဲ ဝင်ကြတဲ့ ခါတော်မီ အမတ်လောင်းတွေလည်း ထောင်နဲ့ချီ ပေါ်လာပါတယ်။

အဲဒီပါတီနဲ့ အမတ်လောင်း အများစုဟာ ပြည်သူ့အကျိုးဆောင်ဖို့ ရွေးကောက်ပွဲ ဝင်တယ် ဆိုတာမျိုးထက် ကံစမ်းမဲ ထိုးကြတဲ့ ပုံမျိုး ပိုပေါက်ပါတယ်။ ကံကောင်းလို့ မဲရရင် အမတ် ဖြစ်ရချည်သေးရဲ့ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေက သူတို့ ထင်သလောက် မအ ကြပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ ခါတော်မီ ပါတီတွေ၊ အချောင်သမား ပါတီတွေ၊ လုပ်စားကိုင်စား ပါတီတွေ၊ အလုပ်မရှိ အကိုင်မရှိလို့ ထောင်ထားတဲ့ ပါတီတွေနဲ့ သူတို့ရဲ့ ခါတော်မီ အမတ်လောင်းတွေကို မဲမပေးခဲ့ကြပါဘူး။ ဒါကြောင့်လဲ ဘယ်နှစ်ယောက်ပဲ အရွေးခံရ ခံရ အမြတ်ပဲ ဆိုပြီး အမတ်လောင်း ရာနဲ့ချီ ရွေးကောက်ပွဲ ဝင်ခိုင်းတဲ့ ပါတီတွေဆိုရင် ဘဲဥတောင် မကွဲကြပါဘူး။ အဲဒီအခါ အဲဒီ ပါတီတွေ ဘာ ဆက်လုပ်ကြမှာပါလဲ။

တစ်ချို့ပါတီတွေကတော့ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ ပါတီ အစိုးရကို စောင့်ကြည့်မယ်၊ လွှတ်တော်ကို စောင့်ကြည့်မယ် ဘာဘာညာညာ သွေးရူးသွေးတမ်း ထ လုပ်ကြပါတယ်။ ဟိုအဖွဲ့တွေ ဖွဲ့မယ်၊ ဒီအဖွဲ့တွေ ဖွဲ့မယ် ဆိုပြီး မဟာမိတ်လိုလို၊ တပ်ပေါင်းစုလိုလို လျောက်ဖွဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်မရပေမယ့် ပြည်သူတွေကို အလုပ်အကျွေးပြုသွားမယ်၊ ရရာနေရာကနေ ပြည်သူ့အကျိုးဆောင်သွားမယ် ဆိုပြီး ကြွေးကြော်လုပ်ကိုင်တဲ့ ပါတီနဲ့ အမတ်လောင်း မရှိသလောက် ရှားပါတယ်။ အဲဒီထဲမကမှ ခြားနားတာက သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်ကတော့ ထူးခြားပါတယ်။ သူဟာ အရင် ၂၀၁၀-၁၅ လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်တုန်းက တစ်ဖက်က ဥပဒေပြုရေး တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် စွမ်းဆောင်သလို၊ သူ့ကို ရွေးချယ်ပေးလိုက်တဲ့ သင်္ကန်းကျွန်းမြို့နယ်က ပြည်သူလူထု အကျိုးရှိရာ ရှိကြောင်းတွေကို တချိန်လုံး ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။ အခု သူဟာ အမတ်အဖြစ် ပြန်အရွေးမခံရတော့လည်း သူတာဝန်ထမ်းဆောင်ခဲ့စဉ် ရခဲ့တဲ့ နိုင်ငံရေးပင်စင် ကျပ် ၂၂ သိန်းကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နဲ့ တိုက်ဆိုင်ပြီး သင်္ကန်းကျွန်းမြို့နယ်ထဲက ဆင်းရဲတဲ့ ရက်ကွက်တွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒါဟာ အမတ်မဖြစ်တော့ပေမယ့်လည်း ပြည်သူတွေကို ဆက်ပြီး အလုပ်အကျွေး ပြုနေတယ်၊ ကူညီနေတယ် ဆိုတဲ့ သဘောပါပဲ။

ဒါပေမယ့် ထောင်နဲ့ချီတဲ့ ကံစမ်းမဲထိုးတဲ့ အမတ်လောင်းတွေကတော့ ဦးသိန်းညွန့်လို မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ အရွေးမခံရတော့ဘူး ဆိုတာနဲ့ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ တစ်ချို့ဆို ပြည်သူတွေကို ကူညီဖို့ နေနေသာသာ၊ ပြည်သူတွေအကျိုးဆောင်ဖို့ နေနေသာသာ ရွေးကောက်ပွဲမှာ ကိုယ်သုံးခဲ့တဲ့ ကုန်ကျစားရိတ်ကိုတောင် စာရင်းပြန်တင်ဖို့ မလုပ်နိုင်ကြပါဘူး။

တကယ်တော့ ရွေးကောက်ပွဲ အကြိုကာလမှာ အဲလို အမတ်လောင်းတွေနဲ့ သူတို့ပါတီတွေက ပြောတဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုပါ့မယ် ဆိုတဲ့ စကားတွေဟာ အလိမ်အညာ မုသားတွေ ဆိုတာ ဘွားဘွားကြီး ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ကံစမ်းမဲ လာထိုးကြတဲ့ အမတ်လောင်းတွေကို နာမည်ပျက်စာရင်း ထည့်သွင်းကြေငြာတာဟာ အလွန်ဖြစ်သင့်သလို၊ ပါတီထောင်ပြီး ပြည်သူကို အလုပ်အကျွေးမပြု၊ မစည်းရုံးတဲ့ ပါတီတွေကိုလည်း နောင် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း မဲမပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required