လွှတ်တော်သစ်ကို ကူညီရန် ကုလသမဂ္ဂနှင့်အတူ ယူကေ လွှတ်တော်အမတ် မြန်မာနိုင်ငံလာမည်

လွှတ်တော်သစ်ကို ကူညီရန် ကုလသမဂ္ဂနှင့်အတူ ယူကေ လွှတ်တော်အမတ် မြန်မာနိုင်ငံလာမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ။              ။ ကုလသမဂ္ဂနှင့် အတူ မြန်မာနိုင်ငံ၏ ပွင့်လန်းစ ဒီမိုကရေစီအတွက် ဗြိတိန်နိုင်ငံ Norwich North မဲဆန္ဒနယ်မှ အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ခိုးစမစ် Chloe Smith က လာရောက်ကူညီမည်ဖြစ်သည်။

ခိုးစမစ်အနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကာ ပြီးခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲအပြီး လွှတ်တော်သစ်၌ ကိုယ်စားလှယ်အမတ်နေရာ ရွေးချယ်ခံရသည့် အမတ်သစ်များအား ကူညီထောက်ပံ့မှုများ ပေးသွားရန်ဖြစ်သည်။

"ဒီမိုကရေစီအချိုးအကွေ့နိုင်ငံရဲ့ လွှတ်တော်သစ်ကို ပါဝင်ကူညီဖို့အတွက် ခုလိုတိုက်တွန်းခြင်းခံရတာ ကျွန်မအတွက်တော့ မယုံနိုင်လောက်အောင် ဂုဏ်ယူစရာပဲဖြစ်တယ်။ ကိုယ်စားလှယ် အမတ်သစ်တွေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ်ပြည်သူတွေအတွက် ဘယ်လိုမျိုးတွေ စွမ်းဆောင်လုပ်ကိုင်မယ်၊ တာဝန်ခံမှု တာဝန်ယူကိုယ်စားပြုမှုတွေကို ဘယ်လိုအလေးအနက်ထား လုပ်ကိုင်ကြရမယ်ဆိုတာတွေကို ကျွန်မက အတူဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။"ဟု ခိုးစမစ်က ပြောသည်။

မြန်မာ့လွှတ်တော်သစ်အတွက် သီတင်းတစ်ပတ်ကြာ လုပ်ငန်းခွင်သင်တန်းပေးသည့် အစီအစဉ်အတွင် သြစတြေးလျ၊ ဟောင်ကောင်၊ တီမောလက်တီ၊ တောင်ကိုရီးယား၊ ဘူတန်၊ မလေးရှားနှင့် အခြားနိုင်ငံများမှ လွှတ်တော်အမတ်များနှင့်အတူ ခိုးစမစ်အား ပါဝင်ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂနှင့် ပါလီမန်ယူနီယံတို့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ခိုးစမစ်သည် ဂျနီဗာတွင် ၂၀၁၄ ခုနှစ်က လူငယ်လွှတ်တော်အမတ်များညီလာခံ၌ ဗြိတိန်ကိုယ်စားပြုတက်ရောက်ပါဝင်ခဲ့ခြင်း၊ ၂၀၀၈ ခုနှစ်က အရှေ့ဥရောပနှင့် ၂၀၁၄ ခုနှစ်က အရှေ့အာဖရိကတို့တွင်   နိုင်ငံရေးသမားများ သင်တန်းပေးသည့် Westminster Foundation for Democracy နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ မြန်မာလွှတ်တော်အမတ်သစ်များအား သင်တန်းပေးရေး အတွက် ဖိတ်ကြားခြင်းခံရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required