အမေရိကန်က မှားပို့သည့် ဒုံးကျည်အား ကျူးဘားပြန်ပေး

အမေရိကန်က မှားပို့သည့် ဒုံးကျည်အား ကျူးဘားပြန်ပေး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ။            ။ ၂၀၁၄ ဇွန်လအတွင်းက ဟာဗားနားသို့ အမေရိကန်က မှားယွင်းပေးပို့မိခဲ့သည့် အသက်မဲ့ Hellfire ဒုံးကျည်အား ကျူးဘားနိုင်ငံက အမေရိကန်ထံ ပြန်လည်ပေးပို့ခဲ့သည်။

ပေါက်ကွဲယမ်းအား မရှိတော့သည့် ယင်းဒုံးကျည်ကို စပိန်သို့ နေတိုးလေ့ကျင့်ရေးအတွက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝေါစထရိတ်ဂျာနယ်က ဖော်ပြသည်။

ယင်းဒုံးကျည်အား ဂျာမနီသို့ ယူဆောင်ခဲ့ပြီး ဖလော်ရီဒါသို့ ပြင်သစ်မှတစ်ဆင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

မှားယွင်းပေးပို့မိခြင်းသည် စစ်တပ်နည်းပညာပိုင်း အတော်လေးချွတ်ယွင်းမှုကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူများက ယင်းဂျာနယ်သို့ ပြောသည်။

ယင်းကိစ္စတစ်ရပ်လုံးသည် အမေရိကန်အတွက် အရှက်ရစရာဖြစ်ပြီး ကျူးဘားသို့ ဒုံးကျည်ပြန်လည်ပေးပို့ပေးရေး တောင်းဆိုခဲ့ရဖွယ်လည်းရှိကြောင်း ဘီဘီစီသတင်းထောက်က ဆိုသည်။

ပြင်သစ်မှ တစ်ဆင့် အမေရိကန်သို့ ဒုံးကျည်အား ပြန်လည်ပေးပို့လိုက်ပြီးဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

AGM 114 Hellfire ဒုံးကျည်များသည် လေဆာလမ်းညွှန်တပ်ဒုံးကျည်များဖြစ်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် လူမဲ့ဒရုန်းယာဉ်များတွင် တင်ဆောင်ပစ်ခတ်စွမ်းသည့် ဒုံးကျည်များဖြစ်သည်။

ယင်းဒုံးကျည်၏ နည်းပညာပိုင်းကို ကျူးဘားနိုင်ငံက မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှကဲ့သို့သော နိုင်ငံများသို့ ဖြန့်ဝေလိုက်မည်ကိုလည်း အမေရိကန်တာဝန်ရှိသူများ စိုးရိမ်လျက်ရှိကြောင်း စုံစမ်းရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

စစ်အေးကာလ ရန်ဖက်များဖြစ်ကြသည့် အမေရိကန်နှင့် ကျူးဘားနိုင်ငံတို့သည် နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် ပြီးခဲ့သည့်နှစ် ဇူလိုင်လက သံတမန်ဆက်ဆံရေးကို   ပြန်လည်ထူထောင်လာသည့်   နှစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required