“ပဲကြီးလှော်တောင် မစားရဲတော့တဲ့ ဘဝ၊ အင်န်အယ်လ်ဒီမှာ တာဝန်ရှိလာတော့မယ်။ ”

“ပဲကြီးလှော်တောင် မစားရဲတော့တဲ့ ဘဝ၊ အင်န်အယ်လ်ဒီမှာ တာဝန်ရှိလာတော့မယ်။ ”

စိတ်ဆင်းရဲဖို့ အတော်ကောင်းပါတယ်။ တစ်သက်လုံး စားလာတဲ့ ပဲကြီးလှော်တောင် ကျန်းမာရေးနဲ့ မညီညွတ်ဘူးတဲ့။ Auramine O လို့ ခေါ်တဲ့ စားသောက်ကုန် ထုတ်လုပ်ရာမှာ ခွင့်ပြုခြင်း မရှိတဲ့ ဆိုးဆေးတွေ ဆိုးထားတယ်ဆိုပြီး ပဲကြီးလှော် အမျိုးစား (၇) မျိုးကို စားသုံးရန် မသင့်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁၃ ရက်ထုတ် အစိုးရပိုင် သတင်းစားတွေကနေ တဆင့် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ အဲဒီနေ့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေငြာလိုက်တဲ့ စားသောက်ကုန် စုစုပေါင်း ၁၉ မျိုးရှိပြီး ပဲကြီးလှော် အထုတ်တွေလည်း ပါဝင်ခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထဲ ထုတ်လုပ်ရောင်းချတဲ့ စားသောက်ကုန် ပစ္စည်း၊ ပြည်ပကနေ ဝင်လာတဲ့ စားသောက်ကုန်ပစ္စည်း အမျိုးအမည် ထောင်းပေါင်း သောင်းပေါင်း များစွာနဲ့နှိုင်းယှဉ်ရင် ဒီ အရည်အတွက်ဟာ မဖြစ်စလောက်ပါ။ မြန်မာနိုင်ငံသားတွေဟာ အစားအသောက် လုံခြုံစိတ်ချရမှု မရှိတဲ့ ပတ်ဝန်းကျင်မှာ ဘယ်လို နေထိုင်နေရသလဲ၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘယ်လို ဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အစားအသောက်လို့ ပြောလိုက်ရင် အတော်လေးကို ကျယ်ပြန့်ပါတယ်။ မြန်မာနိုင်ငံက ထုတ်တဲ့ တံဆိပ်ကပ် ထုတ်ပိုးထားပြီးသား စားသောက်ကုန်တွေ၊ တံဆိပ် ကပ်မထားတာတွေ၊ ပြည်ပကနေ ဝင်လာတဲ့ တံဆိပ်ကပ် ထုတ်ပိုး စားသောက်ကုန်တွေ၊ တံဆိပ် ကပ်မထားတာတွေ၊ စားသောက်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ၊ ဈေးတွေ၊ လမ်းဘေးဆိုင်တွေ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ လက်ရှိ ပြည်တွင်းက ထုတ်လုပ်ပြီး တံဆိပ်ကပ်ထားတဲ့ စားသောက်ကုန်တွေ စားသုံးဖို့ သင့်မသင့် ကိစ္စကတော့ ဘာမှ သိပ် မပြောနိုင်ဘူးလို့ ဆိုရမှာပါ။ အကြောင်းကတော့ စနစ်တကျ စစ်ဆေးတဲ့ လုပ်ငန်းစဉ်၊ ဈေးကွက်ထဲကနေ စစ်ဆေးမှု၊ အရေးယူမှု စတာတွေ ကောင်းကောင်း မရှိတဲ့အပြင် သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဘာကိုမှ စိတ်ချလို့ရတယ်ဆိုပြီး မပြောနိုင်တာ ဖြစ်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ရင် အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ မြန်မာနိုင်ငံမှာ အစားအသောက်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာ၊ ဓာတ်ခွဲတာ၊ ရလာဒ်ကို ထုတ်ပြန်ကြေငြာတာ စတာတွေ လုပ်နိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက် FDA အဖွဲ့ဆိုတာ သေးငယ်တယ်၊ လူလည်း နည်းနည်းလေးပဲ ရှိတယ်၊ ဒါကြောင့် လူပေါင်း သန်း ၅ဝ ကျော်အတွက် ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချနေတဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို မကြီးကြပ်နိုင်ဘူး ဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။ ဒီအဖြေ မှန်ပါရဲ့လား။

နိုင်ငံသားတွေ အစားအသောက် လုံခြုံရေးနဲ့ ပတ်သက်ပြီး ကိုယ့်မှာ အတွေ့အကြုံ မရှိရင်လည်း သိပ်ပြသနာ မရှိပါဘူး။ အိမ်နီးချင်း ထိုင်းတို့ စင်ကာပူတို့ မလေးရှားတို့မှာ ဘယ်လို လုပ်နေကြသလဲ၊ နမူနာ ယူပြီး သူတို့ လုပ်သလောက် မလုပ်နိုင်တောင် တတ်နိုင်သလောက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ မရှိသေးတဲ့ စနစ်တစ်ခုကို တည်ဆောက်ရပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိသူတွေကတော့ အစိုးရပါပဲ။ အစိုးရဆိုရာမှာ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး အားလုံးပါဝင်ပါတယ်။ အစိုးရဟာ ကိုယ့်နိုင်ငံသားတွေ ကျန်းမာရေး ကိစ္စ၊ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေ ဖြစ်လာရေးကိစ္စ စိတ်ဝင်စားမှုရှိမှ၊ လေးနက်မှ၊ အကောင်အထည် ဖော်မှ ပြည်သူတွေ ဒီ အကျိုးကျေးဇူး ခံစားရမှာပါ။

ပြောရရင် မြန်မာနိုင်ငံသားတွေ အစားအသောက် လုံခြုံမှု မရှိတဲ့ ကိစ္စ အရင် စစ်အာဏာရှင် တွေနဲ့ လက်ရှိ အစိုးရ အပေါ်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။ သူတို့တွေဟာ စစ်အာဏာရှင် စနစ်ကနေ လာခဲ့ကြသူတွေ ဖြစ်လေတော့ ပြည်သူတွေကို ဗဟိုပြုပြီး၊ ပြည်သူ့အကျိုးစီးပွားကို ဗဟိုပြုပြီး စဉ်းစားတဲ့ အလေ့အထ၊ တိုင်းပြည် တည်ဆောက်တဲ့ အတွေးအခေါ် မရှိခဲ့ကြပါဘူး။ ဒီလိုနည်းနဲ့ တိုင်းပြည် စီးပွားရေး၊ ပြည်သူ့ စီးပွားရေးတင်မက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အားကစား ဘက်ပေါင်းစုံ ပျက်စီး ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပြည်သူတွေရဲ့ အစားအသောက် လုံခြုံရေး ဆိုတာကလည်း ချွင်းချက် တစ်ခု မဟုတ်ပါဘူး။ ပါတာပါပဲ။ ဒီနေ့အချိန် ပြည်သူတွေ အစားအသောက် လုံခြုံရေး လုပ်ပေးပါ ဆိုရင် ဘယ်ကစပြီး ဘာလုပ်ရမှန်း သိကြမယ့်သူတွေ မဟုတ်ပါဘူး။ လုပ်လဲ လုပ်တတ်မယ့်ပုံ မပေါ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူကို ဗဟိုပြုမယ်လို့ ဆိုတဲ့ အင်န်အယ်လ်ဒီ လွှတ်တော် ပေါ်ပေါက်လာပါပြီ။ မကြာမီ အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာပါတော့မယ်။ အဲဒီအခါကျရင် အခြားသော နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ဆိုင်ရာ တော်လှန်ပြောင်းလဲမှုတွေ၊ ပြုပြင်ပြောင်းလဲမှု တွေ အကြီးအကျယ် လုပ်ရမှာဖြစ်သလို အစားအသောက်လုံခြုံရေး ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်း ပေးရပါမယ်။ လွယ်မှာတော့ မဟုတ်ပါဘူး။ ကိစ္စ တစ်ခုချင်းစီကိုကြည့်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ စနစ်ကြီး တစ်ခု တည်ဆောက်ရပါလိမ့်မယ်။ လွှတ်တော်ဘက်ကနေ အစားအသောက် လုံခြုံရေး ဆိုင်ရာ ဥပဒေတွေ ပြဌာန်းပေးရပါလိမ့်မယ်။ နည်းဥပဒေတွေ ပြဌာန်းပေးရပါလိမ့်မယ်။ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အဲဒီ ဥပဒေ နည်းဥပဒေတွေကို အသက်ဝင်လာအောင် အကောင်အထည် ဖော်ရင်း ပြည်သူတွေ အစားအသောက် လုံခြုံမှု ရှိလာအောင် စွမ်းဆောင်ပေး ရပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ စားသောက်ကုန် ထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးသူတွေနဲ့ စားသုံးသူ ပြည်သူအားလုံး အစားအသောက် လုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိဉာဏ် ဗဟုသုတ တွေ ပြည့်ဝ လာအောင် ပညာပေးမှုတွေ အကြီးအကျယ် လုပ်ရပါလိမ့်မယ်။

လမ်းဘေး ဈေးသည်တစ်သည်မှာ စားလို့ ဝမ်းတွေလျော၊ အဲဒီ ဈေးသည်သွားဖမ်း၊ ထုတ်ပိုးပစ္စည်းတစ်ခု စားသောက်ဖို့ မသင့်တာတွေကို တွေ့၊ အဲဒါကို ကြေညာ၊ သတင်းထွက်လို့ ဆိုပြီး ကော်ဖီမစ် စက်ရုံတွေကို ဝင်စစ်၊ ဒီလောက် လုပ်နေရုံနဲ့ မပြီးပါဘူး။ အထူးသဖြင့် ဒီ ပြသနာဟာ ပြည်သူတွေ ကျန်းမာဖွံ့ဖြိုးရေး၊ ဒီက တဆင့် ပညာရေး၊ နောက်တဆင့် တိုင်းပြည်ဘဏ္ဍာ အားလုံးနဲ့ ဆက်စပ်နေတဲ့၊ အလွန်ကျယ်ပြန့်၊ အလွန်အရေးကြီးတဲ့ ကိစ္စ တစ်ခုအဖြစ် နိုင်ငံကို တာဝန်ယူ စီမံခန့်ခွဲမယ့်သူတွေ မြင်ဖို့ လိုပါတယ်။ အစိုးရကောင်းဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်တဲ့ အစိုးရမျိုးကို ခေါ်တာပါ။ မကြာခင် ပေါ်ပေါက်လာတော့မယ့် အင်န်အယ်လ်ဒီ အစိုးရဟာ ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီ ဖြစ်တာနဲ့အညီ ပြည်သူတွေအတွက် တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အစားအသောက် လုံခြုံမှုရှိစေရေး ကိစ္စ အလေးအနက်ထား အကောင်အထည် ဖော်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required