ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေစကြိုတွင် ဗိုလ်ချုပ်ကြေးရုပ်ပြုလုပ်စိုက်ထူမည်

ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေစကြိုတွင် ဗိုလ်ချုပ်ကြေးရုပ်ပြုလုပ်စိုက်ထူမည်

ရေစကြို၊ ဖေဖော်ဝါရီ ၁၃ ။ ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေစကြိုမြို့တွင် အရပ် ကိုးပေရှိသော ဗိုလ်ချုပ်ကြေးရုပ် ပြုလုပ်စိုက်ထူမည်ဟု သိရသည်။ 

အဆိုပါရုပ်တုအတွက် ခန့်မှန်းငွေ ကျပ်သိန်း ၁၁၀ ခန့် ကုန်ကျမည်ဖြစ်ပြီး စိုက်ထူမည့်နေရာ အတည်ပြုမရွေးချယ်ရသေးဘဲ အများသူငါ ဝင်ထွက်သွားလာနိုင်ရန် သင့်တော်သည့်နေရာတွင် စိုက်ထူမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌဖြစ်သူ ကိုမော်စီက "ဒီနေ့ ဂူကြီးကျောင်းမှာ ကြေးရုပ်ဖြစ်မြောက်ရေးအတွက် အလှူငွေ ပေးအပ်ပွဲလုပ်တယ်။ ကိုကျော်သူသူက မတည်ငွေ သိန်း၆၀ ထည့်ဝင်တယ်။ ကျန်တဲ့လှူတဲ့သူတွေနဲ့ ပေါင်းလိုက်ရင် ဒီနေ့ ၈၅သိန်းရပါတယ်။ ကြေးရုပ်က မန္တလေးမြို့ တောင်ဆင်တဲတိုက် ဇေယျမင်္ဂလာကျောင်းဝန်းထဲက ကြေးသွန်းဆရာဆီမှာ အပ်ထားပါပြီ။ သွန်းလုပ်ချိန် ၄ လကြာမြင့်မှာဖြစ်ပါတယ် " ဟု မဇ္ဈိမအားဖြေကြားသည်။

၎င်းက ဆက်လက်၍ "အခုလောလောဆယ် ကြေးရုပ်စိုက်ထူဖို့ နေရာ ၂နေရာ ရာထားပါတယ်။ တစ်နေရာက လွတ်လပ်ရေးကျောက်တိုင် အနီးမှာပါ။ ဒါပေမယ့် ဌာနဆိုင်ရာမြေဖြစ်နေတဲ့အတွက် အထက်ကိုတင်ပြရမှာပါ" ဟု ပြောသည်။

အဆိုပါဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၆၀ မတည်လှူဒါန်းသော ကိုကျော်သူသူက "ဗိုလ်ချုပ်ကို မသမာသူလူတစ်စုက သမိုင်းထဲကနေ နှစ်ပေါင်းများစွာ ဖျောက်ဖျက်ခြင်း ခံခဲ့ရတယ်။ ဒီလိုဖျောက်ဖျက်ခံရတဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်ပြီး ပြည်သူလူထုရဲ့ နှလုံးသားနဲ့ ပြန်လည် ထိတွေ့စေချင်တယ်။ နောက်မျိုးဆက်သစ် လူငယ်တွေဟာ ဒီရုပ်ထုကို ကြည့်ရင်း တိုင်းပြည်အတွက် ရိုးရိုးသားသား စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်တွေကို လေးစားအတုယူပြီး ကိုအောင်ဆန်းလိုမျိုး ရိုးသားကြိုးစားတဲ့ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားစေချင်တဲ့ ကောင်းတဲ့အမွေ ချန်ခဲ့စေချင်လို့ပါ" ဟု ပြောသည်။ 

ရေစကြိုမြို့ခံ ကိုဝဏ္ဏအောင်မှလည်း "မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်ကိုကြည့်ပြီး ဗိုလ်ချုပ်လို ကောင်းမွန်တဲ့ စိတ်ဓါတ်နဲ့ အကျင့်သီလတွေ ရင်မှာကိန်းဝပ်ပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်အောင်ကြိုးစားစေချင်ပါတယ် " ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required