ဧရာဝတီတိုင်းဝန်ကြီးချုပ် ဇာတိ အင်္ဂပူတွင် ဗိုလ်ချုပ်မွေးနေ့ ကဗျာရွတ်ပွဲ ခွင့်ပြုမိန့် အခက်အခဲကြားမှ ကျင်းပခွင့်ရခဲ့

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဇာတိ အင်္ဂပူတွင် ဗိုလ်ချုပ်မွေးနေ့ ကဗျာရွတ်ပွဲ ခွင့်ပြုမိန့် အခက်အခဲကြားမှ ကျင်းပခွင့်ရခဲ့

အင်္ဂပူ၊ ဖေဖော်ဝါရီ ၁၃ ။           ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ပွဲ နှင့် ကဗျာပြပွဲအား ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏  ဇာတိမြို့ဖြစ်သော အင်္ဂပူမြို့၌ ပြုလုပ်မည်ကို ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် ခွင့်ပြုချက်တင်ပြီးမှသာ ကျင်းပခွင့် ရရှိခဲ့သည်။

"ဒီကဗျာပြပွဲ၊ ကဗျာရွတ်ပွဲ ဖြစ်ဖို့အတွက် ကျွန်တော်တို့ မ.ရ.ကရုံးကို သွားပါတယ်။ မ.ရ.က ရုံးကနေ ငြိမ်းစုစီယူဖို့ ရဲစခန်းကို လွှတ်ပါတယ်။ ရဲစခန်းအနေနဲ့ကတော့ ဒါဟာ ပွဲမိန့်သာသာ ပေးရတဲ့ပွဲမို့ မ.ရ.က ရုံးကို ပြန်သွားဖို့ ပြောတော့ ကျွန်တော်တို့ ဒီကြားထဲမှာ ညှိရနှိုင်းရနဲ့ မ.ရ.ကရုံးကနေ ငြိမ်းစုစီ ယူခိုင်းလို့ ရဲစခန်းကနေ ငြိမ်းစုစီ ယူရပြီး ကျင်းပတာပါ" ဟု ပွဲကို ဦးဆောင်စီစဉ်သူ ကဗျာဆရာ ထက်မိုးက ပြောသည်။

ပွဲကျင်းပရန် အင်္ဂပူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၁၀ရက် ရက်စွဲဖြင့် ခွင့်ပြုချက်ပေးခဲ့သည့်အတွက် ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၃ရက် ညနေ ၆နာရီမှ ၁၀နာရီအထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲအား အင်္ဂပူမြို့မှ လွန်းကြင် စာပေမြတ်နိုးသူများအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြတ်စက်စက်ယို စေတီတော်ဆိုင်းဘုတ်ရှိရာ မြတ်လေးလမ်း၌ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ကဗျာပြပွဲတွင် နာမည်ကြီး ကဗျာဆရာများဖြစ်သော ဆရာအောင်ချိမ့်၊ ဆရာညီမင်းညို၊ ဆရာမောင်ချောနွယ် စသည့် နာမည်ကြီးကဗျာဆရာများ၏ ကဗျာများအပါအဝင် ကဗျာပေါင်း ၁၀၀ ကျော်အား ပြသမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required