ခရမ်းလွန်ရောင်ခြည် အလွန်မြင့်မားတဲ့အဆင့်ကို ရောက်နေ

13 February 2016
ခရမ်းလွန်ရောင်ခြည် အလွန်မြင့်မားတဲ့အဆင့်ကို ရောက်နေ

တစ်ပတ်အတွင်း မိုးလေဝသသ ခန့်မှန်းချက်များကို မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းလျက် အပတ်စဉ် သောကြာနေ့တိုင်း မဇ္ဈိမက တင်ပြလျက် ရှိပါတယ်။  ဒီတစ်ပတ် တင်ပြချက်ကတော့ ဖေဖော်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၂၀ရက် အထိ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။

ညအပူချိန်

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ညအပူချိန်များအနည်းငယ်ကျဆင်းပြီး အအေးဓာတ် ပိုလာခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့ အဓိက အကြောင်းအားဖြင့် အခုလို ဆောင်းရာသီ ကာလမှာ တရုတ်ပြည်မကြီးအတွင်းမှာ ဖြစ်ပေါ်တဲ့ လေဖိအားများ ရပ်ဝန်းကြီး အားကောင်းလာတဲ့အတွက် အဲဒီအရပ်ဒေသကနေပြီးတော့ အရှေ့မြောက် လေအေးများ မြန်မာနိုင်ငံအတွင်းကို တိုးဝင်လာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းမှာ ညအပူချိန်တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းဖြစ်တဲ့ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာ ညအပူချိန်များဟာ သုညဒီဂရီမှ ၅ ဒီဂရီစင်တီဂရိတ်လောက်ထိ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အောက်ပိုင်းဒေသများလို့ခေါ်တဲ့ ကမ်းရိုးတန်းဒေသတွေ မြစ်ဝကျွန်းပေါ်ဒေသတွေ တောင်ပိုင်းဒေသတွေ ဒီဒေသတွေမှာ ညအပူချိန်ဟာ ၁၅ မှ ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိပါတယ်။ တစ်နည်းပြောရရင်တော့ ပြီးခဲ့တဲ့ပတ် ညအပူချိန်များဟာ သုညအောက် လျော့တဲ့နေရာရယ်လို့ မရှိသလို ၂၀ ဒီဂရီစင်တီဂရိတ်ရောက်တဲ့နေရာလည်း မရှိတဲ့ ကာလတစ်ခုဖြစ်ပါတယ်။

မိုးရွာသွန်းမှု အခြေအနေ

မိုးရွာသွန်းမှု အနေနဲ့တော့ မြန်မာနိုင်ငံ မြောက်ပိုင်းဖြစ်တဲ့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းခဲ့တာက လွဲရင် တစ်ပြည်လုံးမှာ အများအားဖြင့် မိုးမရွာဘဲ သာယာနေခဲ့ပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်

ထူးခြားမှုကတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လာခြင်း ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းစွန်းဖြစ်တဲ့ ကချင်ပြည်နယ် အဲဒီကချင်ပြည်နယ်ရဲ့  မြောက်ပိုင်းဒေသမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ Hight  လို့ခေါ်တဲ့ မြင့်မားတဲ့ အဆင့်မှာ ရှိပြီး ကျန်တစ်ပြည်လုံးကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ အလွန်မြင့်တဲ့ Very Hight  Level  မှာ ရောက်ရှိနေပါတယ်။

အယ်လ်နီညို အားကောင်းဆဲ

ဆက်လက်ပြီးတင်ပြလိုတာကတော့ ၂၀၁၆ ခုနှစ်ဟာ အယ်နီညို ရာသီဥတု ဖြစ်နေတဲ့ နှစ်ဖြစ်ပါတယ်။ အယ်နီညိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ဇွန်လလောက်ကတည်းက စတင်ဖြစ်ပေါ်လာခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလမှာ အားကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ဖြစ်ပေါ်တဲ့ အယ်နီညိုရဲ့အင်အားကို လေ့လာ သုံးသပ်တဲ့ အခါမှာ သမိုင်းမှာ အားကောင်းဆုံး အယ်နီညိုဖြစ်တဲ့ ၁၉၉၇/၉၈ အယ်နီညိုနှစ်ထက် ဒီနှစ် ၂၀၁၅/၁၆ အယ်နီညိုဟာ ပိုမိုအားကောင်းတဲ့ အယ်နီညို ဖြစ်နေတာကို တွေ့ရပါတယ်။ အယ်နီညိုရဲ့ အင်အားကို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှု အပူချိန်နှင့် ဖော်ပြတဲ့ အတွက် ဒီနှစ် ၂၀၁၅/၁၆ ဟာ ၉၇/၉၈ အယ်နီညိုထက် ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုမှာ ဝ.၇ ဒီဂရီစင်တီဂရိတ် ပိုမို မြင့်တက်ခဲ့တဲ့ အတွက် လက်ရှိအယ်နီညိုဟာ သမိုင်းမှာ အားကောင်းဆုံ အယ်နီညို ဖြစ်နေတာ တွေ့ရပါတယ်။ ၂၀၁၆ခုနှစ်အတွင်း လက်ရှိအယ်နီညိုရဲ့ အင်အားများကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့က နောက်ဆုံ တိုင်းတာ ကြည့်ခဲ့ရာမှာ အယ်နီညိုရဲ့ အင်အားဟာ ဆက်လက် ကောင်းနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ပင်လယ်ရေမျက်နှာပြင် အပူချိန်များ မြင့်တက်မှုဟာလည်း လက်ရှိကာလမှာ ပုံမှန်ရဲ့အထက် ၂.၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်နေဆဲ ဖြစ်ပါတယ်။ သင်္ချာပုံစံတွေ သုံးပြီး အယ်နီညို ဘယ်နှစ်ထိ ရှိနိုင်မလဲဆိုတာကို တွက်ကြည့်တဲ့ အခါ ၂၀၁၆ ဇွန်လထိ အယ်နီညိုဟာ ဆက်လက်အားကောင်းနေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ အားကောင်းတဲ့ အယ်နီညိုနှစ်တွေမှာ မြန်မာနိုင်ငံပေါ်မှာ အများအားဖြင့် ကြုံတွေ့ရတတ်တဲ့ ရာသီဥတုကတော့ ပူနွေးပြီး ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပူချိန်တွေဟာ ရာသီအလိုက် ပုံမှန်ထက်ပိုမြင့်နေပြီး မိုးရွာသွန်းမှုကတော့ ရာသီအလိုက် ရွာသွန်းမှုအောက် လျော့နေတတ်တဲ့သဘာမျိုး ဖြစ်ပါတယ်။ အယ်နီညိုရဲ့ ထိခိုက်မှုကို အာရှပစိဖိတ် ဒေသတစ်ခုလုံးသာမက တစ်ကမ္ဘာလုံးမှာ တော်တော် ပျံပျံနှံနှံ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတွင်း ရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှုတွေ ကြည့်တဲ့အခါမှာ တစ်ကမ္ဘာလုံး ရွာသွန်းတဲ့ မိုးရေချိန်ဟာ ရွာသွန်းမြဲရဲ့အောက် လျော့နည်းနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရှုနှိုင်း စတဲ့နိုင်ငံများ သြစတေးလျတိုက်ရဲ့ မြောက်ဘက်ဒေသများ ပင်လယ်ပြင်တွင်းမှာ ရှိတဲ့ နယူးဇီလန် ဟိုအရှ့ဘက်မှာ ရှိတဲ့ တောင်အမေရိကတိုက်ရဲ့ အလယ်ပိုင်းမှာ ရှိတဲ့ ဘရာဇီးနိုင်ငံ ဒီဒေသတွေဟာ မိုးအနည်းဆုံး ဒေသအဖြစ် တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အယ်နီညိုရဲ့ ထိခိုက်မှုများ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်အတွင်းမှာ တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အထင်ရှားဆုံ သာဓကကတော့ ၂၀၁၅ ဂျုလိုင်၊ သြဂုတ်တွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှု ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ လိုခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှု ဖြစ်ခဲ့ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည်နယ်တိုင်း ဒေသကြီး ၁၂ ခုမှာ ရေကြီးမှု ဒဏ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ဒုတိယ တွေ့ခဲ့ရတဲ့ အချက်ကတော့ စိုက်ပျိုးရေးကဏ္ဍပေါ်မှာ အယ်နီညိုရဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် စိုက်ပျိုးသီးနှံ ထုတ်လုပ်မှုများ ကျဆင်းခဲ့တဲ့ အတွက် စပါးဈေးများဟာ ပုံမှန်ထက် ၃၈.၄ရာခိုင်နှုန်း ပိုမိုတက်လာတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ ရေကြီးမှုများ ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်အတွင်းမှာ မိုးခေါင်တဲ့ ဒေသများလည်း ရှိနေခဲ့ပါတယ်။ စိုက်ပျိုးသီးနှံ ထုတ်လုပ်မှုများလည်း ပုံမှန်အောက် လျော့ဆင်းခဲ့တဲ့ အတွက် ကုန်ဈေးနှုန်းများ မတည်ငြိမ်မှုများ ဖြစ်ခဲ့ရတယ်လို့ လေ့လာမှု စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒီဘက်နှစ်ကိုရောက်လာတဲ့ အခါမှာတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ အယ်နီညိုကြောင့် သတိထားရမယ့် သဘာဝဘေးတွေဟာ အကြမ်းအားဖြင့် သုံးမျိုး ရှိနိုင်ပါတယ်။ ပထမတစ်မျိုးကတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာ ဒုတိယတစ်မျိုးကတော့ ရေရရှိရေး ပြဿနာနဲ့ တတိယတစ်မျိုးကတော့  စိုက်ပျိုး သီးနှံများ ထုတ်လုပ်မှု ကျဆင်းတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

အယ်လ်နီညိုနဲ့  ရေရှားပါးမှု

ရေရရှိမှု ပြဿနာနဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ခြောက်သွေ့ရာသီရောက်တိုင်း ရေရှားပါးမှု ကြုံတွေ့နေရတာဟာ အနည်းဆုံး ၆နှစ် ၇နှစ် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒီနှစ်ကတော့ ပိုမိုခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်စေတတ်တဲ့ အယ်နီညို ရာသီဥတု ဖြစ်နေတဲ့ အတွက် ရေရှားပါးမှုကို ပုံမှန်ထက် အချိန်များစွာ စောပြီး ကြုံတွေ့နေကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတွင် ရေရှားပါးမှုကို ရှမ်းပြည်နယ် ကလောမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေ မြန်မာနိုင်ငံ အလယ်ပိုင်း ရွေဘိုမြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေ စစ်ကိုင်တိုင်းအောက်ပိုင် ဖိုဝင်တောင် အနီးမှာရှိတဲ့ကျေးရွာတွေ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေ ဧရာဝတီတိုင် ညောင်တုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေ အဲဒီကျေးရွာတွေမှာ သဘာဝ ရေကန်များဟာ ပုံမှန်ထက် လပေါင်းများစွာ စောပြီး ရေများ ခန်းခြောက် ကြုံတွေ့နေရတဲ့အတွက် သောက်ရေ ရှားပါးမှု ပြဿနာ ကြုံတွေ့နေရပါတယ်။ အဲတာအပြင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အတွင်းမှာ ရေရရှိရေးအတွက် ရေတွင်းမှာ တူးရာမှာလည်း တော်တော်နက်တဲ့ထိ ရေများရှာမတွေ့ ဖြစ်နေတဲ့အတွက် မြေအောက်ရေများလည်း စုပ်ယူလို့နေပြီဆိုတဲ့ သတင်းများလည်း ကြားသိနေရပါတယ်။ ဒါဟာ ဆောင်းရာသီကာလ ရှိနေဆဲဖြစ်ပါတယ်။ ဆောင်းရာသီကာလအတွင်းမှာတောင် ရေရှားပါးမှုကို ဒီလောက် ကြုံတွေ့နေရပြီဆိုရင် လာမယ့် အလွန်ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလ ရောက်လာရင် ရေပြဿနာဟာ ပိုမိုကြီးထွားလာနိုင်တယ်လို့ ဒါလေးကို ကြိုတင်ပြီးတော့ အသိပေးတင်ပြလိုပါတယ်။

အယ်လ်နီညိုနဲ့ စိုက်ပျိုးထုတ်ကုန် ကျဆင်းမှု

ဒုတိယအချက်အနေနဲ့ တင်ပြလိုတာကတော့ စိုက်ပျိုး ထုတ်ကုန်များ ကျဆင်းခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅အတွင်း အယ်နီညိုရဲ့ ပြင်းထန်မှု ရေကြီးမှု စတဲ့ ပြဿနာများကြောင့် စိုက်ပျိုးသီးနှံ ထုတ်လုပ်မှုများ ကျဆင်းခဲ့တဲ့အတွက် စပါး ဈေးများ တက်လာတာကို တွေ့ရပါတယ်။ လေ့လာမှု တစ်ခုအရ စပါးဈေးတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာလအတွင်းမှာ နှစ်စကထက် ၃၈.၄% မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ စားနပ်ရိက္ခာ လုံခြုံမှု အနေနဲ့လည်း စိန်ခေါ်မှုတွေ အများကြီး တွေ့လာရတာကို ပြီးခဲ့တဲ့လေလာမှုမှာ တွေ့ရှိနေရပါတယ်။

အယ်လ်နီညိုနဲ့ ဇီကာဗိုင်းရပ်စ်

ကျန်းမာရေးဆိုင်ရာ ပြဿနာ အနေနဲ့တော့ အယ်နီညို ဖြစ်တဲ့ ဒီနှစ်မှာ ကမ္ဘာမှာ ဗိုင်းရပ်စ် ရောဂါပိုးတစ်ခု ပျံနှံနေတာ တွေ့ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို ဇီကာလို့ခေါ်ပြီးတော့ ဒီဗိုင်းရပ်ပိုးဟာ ဒီနှစ် အယ်နီညို နှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို အဆိုးဝါးဆုံး ကြုံတွေ့နေရတဲ့ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံက စတင်ပေါက်ဖွားလာတဲ့ ပိုးဖြစ်ပါတယ်။ ဒီပိုးဟာ လောလောဆယ် နိုင်ငံပေါင်း ၂၅ နိုင်ငံကို ပျံနံှနေပါတယ်။ ဒီရောဂါပိုး ရရှိတဲ့ သူတွေဟာ ရေဘုယျအားဖြင့် တုတ်ကွေးရောဂါ ခံစားရတဲ့ ရောဂါလက္ခာများ တွေ့ကြရပြီး ထူးခြားမှုကတော့ ကိုယ်ဝန်ဆောင် မိခင်များကို ဒီရောဂါပိုး ကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးဟာ ဦးခေါင်းသေး ရောဂါရရှိတဲ့ ထူးခြားတဲ့ ဗိုင်းရပ်ပိုး တစ်ခုဖြစ်ပါတယ်။ မကြာမီက တွေ့တဲ့ ဗိုင်းရပ်ဖြစ်နေတဲ့အ တွက် သူနဲ့ပတ်သက်တဲ့ ကုထုံး ဆေး စသည်တို့ကို ကြိုးပမ်းဆောင်ရွက်ရဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အိန္ဒိယနိုင်ငံက ဒီဇီကာဗိုင်းရပ်ပိုး အတွက် ကုသရာဆေး သူတို့ တွေ့ရှိပြီလို့ ကြေငြာထားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကြီးကလည်း ဇီကာဗိုင်းရပ် ပျံနှံမှုဟာ မြန်ဆန်နေတဲ့ အတွက် ကမ္ဘာ့နိုင်ငံများ အားလုံးကို သတိထားရဖို့ နှိုးဆော်ထားပါတယ်။  မြန်မာနိုင်ငံအနေနဲ့တော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ  ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံရတဲ့ ရောဂါသည် ရှိနေပြီလို့ အတည်ပြု ကြေငြာထားပါတယ်။ မကြာသေးမိကပဲ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဇီကာဗိုင်းရပ်ပိုးကို စမ်းသပ်မှုများ ပြုလုပ်ရှာဖွေနေတဲ့အတွက် တရုတ်နိုင်ငံမှာလည်း ဇီကာဗိုင်းရပ်ပိုးရောက်ရှိနေပြီလို့ သံသယ ဖြစ်စရာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံများမှာ ဖြစ်နေတဲ့အတွက် အယ်နီညိုနှစ်မှာ ရောဂါကျန်းမာရေး အနေနဲ့ ဇီကာဗိုင်းရပ်ပိုးကိုတော့ အထူးသတိထားဖို့ လိုမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ဇီကာဗိုင်းရပ်ပိုးဟာ ခြင်မှပေါက်ဖွားတဲ့ ရောဂါဖြစ်တဲ့ အတွက် ခြင်ကိုက်မခံရအောင် သတိပြုနေထိုင်ဖို့နဲ့ အထူးသဖြင့် လာမယ့် မိုးဦးကျရာသီမှာ ပိုမိုသတိထားနေထိုင်ကျဖို့ အရေးကြီးတဲ့ အကြောင်း တင်ပြလိုပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် တစ်ပါတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ဖို့ အလားလာ မရှိတဲ့အပြင် မြန်မာနိုင်ငံမှာလည်း မြောက်ပိုင်းစွန်း ကချင်ပြည်နယ်လောက်သာ မိုးရွာသွန်းနိုင်တဲ့ အလားလာ ရှိနေတာ တွေ့ရပါတယ်။ ညအပူချိန်များ အနေနဲ့လည ်း ပထမပိုင်းမှာတော့ အနည်းငယ် ကျဆင်းပေမယ့် နောက်ပိုင်းတွေမှာတော့ ညအပူချိန် ပြန်လည် မြင့်တက်လာပြီး အအေးပေါ့လာစရာ အကြောင်းရှိတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး သဘာဝဘေး အန္တရာယ်များမှ အစဉ်ကင်းဝေးနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags