စင်ကာပူနှင့်ခြေစမ်းပွဲ မတိုင်မီ လူစာရင်းအပြောင်းအလဲ ရှိနိုင် ဟု လက်ရွေးစင်နည်းပြ ပြော

စင်ကာပူနှင့်ခြေစမ်းပွဲ မတိုင်မီ လူစာရင်းအပြောင်းအလဲ ရှိနိုင် ဟု လက်ရွေးစင်နည်းပြ ပြော
မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၃ ၊ ရန်ကုန်။            ။ မတ်လ၂၃ရက်တွင် ကစားမည့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းအပြောင်းအလဲ ရှိနိုင်သည် ဟု နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ကာ ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသော်လည်း ယခုအခါ ကစားသမားသစ် ငါးဦး ထပ်မံဖြည့်တင်းကာ စုစုပေါင်း ၃၄ ဦးဖြင့် စုစည်းလေ့ကျင့်နေသည်။

လက်ရွေးစင်အသင်းလူစာရင်းနှင့် ပတ်သက်၍ “ ဒီလူစာရင်း စင်ကာပူမာလိုင်းယန်းဖလားကစားဖို့ရွေးထားတာပါ။  စာရင်းလုပ်ထားတဲ့ လူတွေကိုပဲ ပြန်ခေါ်လေ့ကျင့်ဖြစ်တာပါ။ ဒီထဲက ကစားသမားအချို့ရဲ့ ခြေစွမ်းကို သဘောမကျတာတွေ ရှိပါတယ်။ နောက်ထပ်လည်း ထပ်ဖြည့်ထားပါသေးတယ်။ ဂိုးသမားဆိုရင်လည်း ဂိုးနည်းပြရဲ့ သဘောအတိုင်း ရွေးချယ်ထားတာပါ။ ဒါက အပြီးသတ်လူစာရင်းတော့ မဟုတ်သေးပါဘူး။ စင်ကာပူနဲ့ ခြေစမ်းပွဲမတိုင်ခင် မတ်လ ၇ ရက်လောက်မှာ အပြီးသတ်လူစာရင်း ထုတ်ပြန်မှာပါ။ အခုက ခေါ်ပြီး လေ့လာ လေ့ကျင့်စေတဲ့ သဘောမျိုးပါပဲ ” ဟု ဂတ်ဇီဆီ ဖရိုင်းဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်း ထပ်မံဖြည့်တင်းလိုက်သည့် ကစားသမား ငါးဦးမှာ ရန်အောင်လင်း (ရတနာပုံ)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ ကျော်ကျော်ထွန်း (ဟံသာဝတီ)၊ ညီညီထွန်း (Horizon)၊ နိုင်နိုင်ကျော် (မကွေး) တို့ ဖြစ်ကြသည်။ ယင်းကစားသမား ငါးဦးတွင် ဝင်းနိုင်စိုး၊ ညီညီထွန်း၊ ကျော်ကျော်ထွန်း တို့မှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးရွေးချယ်ခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required