အမေရိကန်က ပက်ထရီးယော့ဒုံးကျည်သစ်များကို တောင်ကိုရီးယားတွင် ချထား

အမေရိကန်က ပက်ထရီးယော့ဒုံးကျည်သစ်များကို တောင်ကိုရီးယားတွင် ချထား

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃ ။             ။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်က တောင်ကိုရီးယားတွင်   နောက်ထပ်ပက်ထရီယော့ ဒုံးကျည်တပ်စုတစ်ခုကို ချထားလိုက်သည်။

ယင်းသို့ချထားမှုကို တောင်ကိုရီးယားရှိ အမေရိကန်တပ်မှူးက ဖေဖော်ဝါရီ ၁၃တွင် ကြေညာခဲ့ပြီး တောင်ကိုရီးယားမြို့တော်အနီးရှိ အိုဆန်လေတပ်အခြေစိုက်စခန်းတွင် တက္ကဆတ်ပြည်နယ် ဖို့တ်ဘလစ်မှ လေကြောင်းကာကွယ်ရေးတပ်စုကလည်း ပက်ထရီယော့စနစ်ကိုသုံးကာ လေ့ကျင့်ပေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

"ဒီလိုလေ့ကျင့်ခန်းတွေလုပ်ရတာက မြောက်ကိုရီးယားက တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ရာမှာ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်လို့ပါ"ဟု အမေရိကန်၏ အမှတ်-၈တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး   သောမတ်စ်ဗန်ဒယ်လ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင့်အမေရိကန်၏ ပဲ့ထိန်းဒုံးတိုက်ဖျက်ရေး THAAD ဒုံးကျည်စနစ်အား ချထားလိမ့်မည်ဟု မီဒီယာများက ခန့်မှန်းနေစဉ် ယခုသတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဆွေးနွေးပွဲများကို လျှို့ဝှက်ထားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်သို့ THAAD ချထားမှုဖြစ်နိုင်ချေအပေါ် ရုရှားနှင့် တရုတ်တို့က ဝေဖန်ခဲ့ကြပြီး ၎င်းစနစ်မှာ အခြားနိုင်ငံများရှိ ဒုံးကျည်များကို အမေရိကန်ရေဒါက ရှာဖွေရာတွင် အထောက်အကူဖြစ်ရန်ဖြစ်သည်ဟု ဝေဖန်သူများကဆိုသည်။ အမေရိကန်၏ လုပ်ရပ်အပေါ် မြောက်ကိုရီးယားကလည်း သတိပေးခဲ့ပြီး ဒေသတွင်းတွင် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယင်းစနစ်ချထားပါက ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို တိုးမြင့်မည်ဟုလည်း မြောက်ကိုရီးယားကဆိုသည်။

မြောက်ကိုရီးယား၏ လုပ်ရပ်များကို တုံ့ပြန်ရေးဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် တရုတ်နှင့် တောင်ကိုရီးယားတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြူးနစ်တွင်   တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required