ဟင်္သာတ အပန်းဖြေတာဘောင်နှင့် ကလေးကစားကွင်းတွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု ပိုများလာ

ဟင်္သာတ အပန်းဖြေတာဘောင်နှင့် ကလေးကစားကွင်းတွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှု ပိုများလာ

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၃ ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကာလအပြီး အမှိုက်များ လိုက်လံကောက်ခြင်း၊ ပြည်သူများအား အမှိုက်ကောက်ရန် တိုက်တွန်းခြင်းများ   ပြုလုပ်နေသည့်ကြားမှ ဟင်္သာတ အပန်းဖြေတာဘောင်နှင့် ကလေးကစားကွင်းတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ပိုမိုများပြားလာသဖြင့် လာရောက်အပန်းဖြေရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

နံနက်တိုင်း အားကစားလာရောက်လုပ်လေ့ရှိသူ အသက် ၆၀ကျော် အရွယ်ရှိ ဦးအုန်းသန်းက "ရပ်ရွာသာယာရေးအတွက် အမှိုက်က အန္တရာယ်များတယ်လေ။ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုတွေ မရှိသင့်ဘူး။ ဒါမှ တိုင်းပြည်လည်း သာယာလှပမှာလေ။ စည်ပင်သာယာလည်း အမှိုက်ကားတွေ ပတ်နေတာပဲ။ ပြည်သူတွေ အသိစိတ်ဓါတ်ရှိသင့်တယ်။ စည်ပင်အနေနဲ့လည်း ဥပဒေ အမိန့်တွေ ထုတ်သင့်တယ်။ ဒဏ်ငွေတပ်တာတွေ ဘာတွေလုပ်သင့်တယ်။ တစ်ခါနှစ်ခါ စောင့်ဖမ်းရင် နောက်လုပ်မှာ မဟုတ်တော့ဘူး။ အပန်းဖြေတာဘောင်မှာ အမှိုက်ပုံးတွေလည်း ပြန်ချသင့်တယ် " ဟု ပြောသည်။

ဒေသခံအချို့မှာ အပန်းဖြေတာဘောင်တွင် အမှိုက်ထုတ်များ လာရောက်စွန့်ပစ်သည်ကိုလည်း တွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

"ဟိုတစ်နေ့က မိန်းမနှစ်ယောက် အထုပ်ကိုယ်စီနဲ့ အမှိုက်လာပစ်တာ တွေ့ရတယ်။ စည်းကမ်းမဲ့အမှိုက်ချမှုအပြင် ဒီအနီးအနားပတ်ဝန်းကျင်ကပါ အိမ်တွင်းအမှိုက်တွေကို စည်းကမ်းမဲ့ လာရောက်စွန့်ပစ်နေတာ တွေ့ရတယ်။ ဒါမလုပ်ထိုက်ဘူးပေါ့။" ဟု ပြောသည်။

အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်လေ့ရှိသည့် အမေ့မေတ္တာပညာဒါနကျောင်းမှ တာဝန်ရှိသူ ကိုစောဝင်းက "အမှိုက်ပစ်တဲ့သူတွေ အနေနဲ့ သူတို့ စည်းကမ်းမဲ့စွန့်ပစ်တဲ့ အမှိုက်ကို ကိုယ့်သား ကိုယ့်သမီးအရွယ်လေးတွေ အမှိုက်ကောက်ပေးနေရာတာကို ရှက်သင့်တယ်။ တစ်ချို့လည်း ပြောင်းလဲသွားကြပေမယ့် အများစုက မပြောင်းလဲသေးပါဘူး။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဒီရပ်ကွက်ထဲမှာလည်း NLD က ချပေးထားတဲ့ အမှိုက်ခြင်းတွေ ရှိသလို အမှိုက်ကားလည်း ပုံမှန်ပတ်နေတာပဲ။ ပြည်သူတွေ စည်းကမ်းရှိသင့်ပါပြီ " ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဟင်္သာတအပန်းဖြေတာဘောင်မှာ ဟင်္သာတမြို့သာယာလှပရေး ပရဟိတအဖွဲ့(HAPO)မှ အများပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ၂၀၁၃ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအပန်းဖြေတာဘောင်တွင် အမှိုက်ပုံးများထားရှိပေးခဲ့သော်လည်း မူးယစ်ရမ်းကားလူငယ်အချို့၏ ဖျက်စီးမှုကြောင့် ဓါတ်တိုင်အချို့နှင့် အမှိုက်ပုံးများ ပျက်စီးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required