မြန်မာ ရုပ်ရှင် ဒါရိုက်တာများ၏ ဇာတ်ကားများ အွန်လိုင်းပေါ် လွှင့်တင်နိုင်ရန် နိုင်ငံတကာ မီဒီယာတစ်ခုမှ ဖိတ်ခေါ်

မြန်မာ ရုပ်ရှင် ဒါရိုက်တာများ၏ ဇာတ်ကားများ အွန်လိုင်းပေါ် လွှင့်တင်နိုင်ရန် နိုင်ငံတကာ မီဒီယာတစ်ခုမှ ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ။ ။ မြန်မာ ရုပ်ရှင် ဒါရိုက်တာများ၏ ရုပ်ရှင် ဇာတ်ကားတိုများ၊ မှတ်တမ်း ရှပ်ရှင်များကို နိုင်ငံတကာ မီဒီယာ ဝက်ဘ်ဆိုက်တွင် တစုတစည်းတည်း လွှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာ မီဒီယာတစ်ခု ဖြစ်သည့် Engagemedia မှ ဖိတ်ခေါ်ထားသည်။

Engagemedia သည် သြစတေးလျ အခြေစိုက် အကျိုးအမြတ် မယူသည့် မီဒီယာ၊ နည်းပညာ နှင့် ယဉ်ကျေးမှု စသည်တို့ကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး www.engagemedia.org ကို လွှင့်တင်ထားကာ အဆိုပါ ဝက်ဘ်ဆိုက်တွင် နိုင်ငံတကာမှ documentary ဇာတ်ကားတိုများနှင့် နောက်ဆုံးပေါ် ရုပ်သံသတင်းများကို လွှင့်တင်ထားသည်။ 

မြန်မာ ရုပ်ရှင် ဇာတ်ကားများကိုလည်း အဆိုပါ ဝက်ဘ်ဆိုက်တွင် လွှင့်တင်သွားမည်ဖြစ်ပြီး ယင်း ဇာတ်ကားတိုများကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ အထိပါ ဆက်လက် ဖြန့်ဝေ ပို့ဆောင်ပေးသွားရန် ရည်ရွယ်ထားသည်။

Engagemedia မီဒီယာမှ မြန်မာပိုင်းဆိုင်ရာ Communication & Outreach Coordinator ဖြစ်သူ မကြယ်ရီလင်းစစ်က ''ကျွန်မတို့ South East Asia Video Camp ဆိုပြီး ဇွန်လတုန်းက ပဲခူးမှာ (၃)ရက် လုပ်ခဲ့တယ်။ အဲဒီမှာ မြန်မာရုပ်ရှင် ဒါရိုက်တာတွေနဲ့ အရှေ့တောင်အာရှက ဒါရိုက်တာတွေ ဆုံကြပြီး လိုအပ်ချက်တွေကို ဆွေးနွေးကြတော့ မြန်မာဒါရိုက်တာတွေ အပြောအရ လိုအပ်ချက်တွေကို သိလာရပြီး အခုလို ဖိတ်ခေါ်ဖြစ်တာပါ။ ကိုယ်တိုင်အပါအဝင် filmmaker အများစု ဒီမှာခက်ခဲနေတာကတော့ အွန်လိုင်းပေါ် ဇာတ်ကားတင်ဖို့ရယ် ပြီးတော့ အဲဒီဇာတ်ကားကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေဆီ အရောက်ပို့နိုင်ဖို့ရယ်ပေါ့။ EngageMedia အနေနဲ့ကတော့ ဒီမှာ ခက်ခဲနေတဲ့ တချို့အပိုင်းလေးတွေကို ကူညီပံ့ပိုးပေးတဲ့သဘောပါပဲ။ ဝက်ဘ်ဆိုက်မှာ profile တခုအနေနဲ့ နိုင်ငံတကာအမြင်အတိုင်း ဖြစ်အောင် သပ်သပ်ရပ်ရပ်တင်မယ်။ ပြီးရင် ဒရိုက်တာက ရုပ်ရှင်ပွဲတော်တွေကို ဆက်တင်သွင်းချင်တယ်ဆိုလည်း ကျွန်မတို့က ချိတ်ဆက်ပေးသွားမှာပါ။ ဒီအတွက် ဘာမှပေးစရာမလိုပါဘူး"ဟု ပြောသည်။

ယင်း မီဒီယာမှ အင်ဒိုနီးရှားနိုင်ငံ ပါပူရာကျွန်းသူ ကျွန်းသားများ၏ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို ရိုက်ကူးထားသော Papuan Voice Documentary စီးရီးများမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အသီးသီးတွင် ပြသခဲ့ပြီး ဆုများ ရရှိခဲ့သည်။

မြန်မာအပါအဝင် မလေးရှားရောက် အလုပ်သမားများအကြောင်း ရိုက်ကူးထားသည့် Crossroad Documentary မှာလည်း စင်ကာပူ နှင့် မလေးရှားတွင် ကျင်းပသည့် လူ့အခွင့်အရေး ရုပ်ရှင် ပွဲတော်များတွင် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required