“ စစ်အုပ်ချုပ်ရေးအောက်က ထိုင်း၊ ဘယ်လောက် ထိခိုက်နစ်နာနေသလဲ။ ”

“ စစ်အုပ်ချုပ်ရေးအောက်က ထိုင်း၊ ဘယ်လောက် ထိခိုက်နစ်နာနေသလဲ။ ”

ကိုမျိုးသန့်ရေ

 ပြီးခဲ့တဲ့ရက်ပိုင်း ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက် တစ်ခေါက်ရောက်ပါတယ်။ အခုနောက် ပိုင်း ဘန်ကောက်ဆိုတာ မြန်မာနိုင်ငံသားတွေအဖို့ အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်လာတော့ အဲဒီက အကြောင်းတွေရေးရင် သိပ်မထူးဘူးထင်လို့ မရေးဖြစ်ပါဘူး။ စဉ်းစားကြည့်လေ။ အဲအေးရှား၊ နော့ခ်အဲ အပါအဝင် လေကြောင်းလိုင်း တစ်ချို့ရဲ့ လေယာဉ်လက်မှတ်ဆိုရင် အသွားအပြန် ဒေါ်လာ ၁၀၀ အောက်ပဲ ရှိတာပါ။ ရန်ကုန်ကနေ မြစ်ကြီးနားသွားရင် လေယာဉ်ခ တစ်ကြောင်းစာတောင် အဲဒီထက် များပါတယ်။ နောက်ဘန်ကောက်နဲ့ ထိုင်းနိုင်ငံမှာ ကိုယ်သွားတတ်ရင် သွားတတ်သလို တည်းခိုခ ဈေးသက်သာသလို၊ ခရီးသွားရေး စားရိတ်လည်း အကုန်အကျ နည်းပါတယ်။ စားရေးသောက်ရေး ဆိုလည်း အတော်လေးကို အကုန်အကျ သက်သာပါတယ်။ ဒါကြောင့်   မြန်မာနိုင်ငံသားတွေဟာ  နောက်ပိုင်း ရှော့ပင်ထွက်လည်း ဘန်ကောက်၊ ဆေးကုလည်း ဘန်ကောက်၊ ဘုရားဖူးလည်း ဘန်ကောက်၊ အလည်ထွက်လည်း ဘန်ကောက် ဖြစ်လာတာပါ။ ရန်ကုန်- ဘန်ကောက်ကို လေကြောင်းလိုင်း ၅ လိုင်းကနေ တစ်ရက်ကို ၁၈ ခေါက်လောက် ဆွဲနေတယ်ဆိုတော့ မှန်းသာ ကြည့်ပေတော့ဗျာ။

ဒီတစ်ခေါက်သွားတော့ ကျွန်တော် စိတ်ဝင်စားမိတာက စစ်အာဏာသိမ်းမှုအောက်က ထိုင်းနိုင်ငံ အခြေအနေ ဘယ်လို ရှိသလဲ ဆိုတာပါ။ သတင်းတွေ အရကတော့ ပြီးခဲ့တဲ့နှစ်မှာ ထိုင်းစစ်တပ်က ခန့်အပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့က ရေးဆွဲ တင်ပြတဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်ဘူး ဆိုပြီး ပြည်သူတွေက မဲပေးဆုံးဖြတ်ခဲ့ကြတယ်တဲ့။ ဒါကိုကြည့်ပြီး ကျွန်တော်က အချက်နှစ်ချက် သတိပြုမိတယ်။ ထိုင်းက စစ်အာဏာသိမ်း ဗိုလ်ချုပ်တွေကလည်း မြန်မာအာဏာ ရှင်တွေလိုပဲ သူတို့လိုချင်တဲ့ ဖွဲ့စည်းပုံ၊ သူတို့ကို နာခံတဲ့သူတွေနဲ့ ဖွဲ့စည်း ရေးဆွဲခိုင်းတာပါ။ မတူတာ တစ်ခုကတော့ လူထု ဆန္ဒခံယူပွဲ လုပ်ရာမှာ မြန်မာစစ်အာဏာရှင်တွေက မမှန်မကန် လုပ်ခဲ့ကြပေမယ့် ထိုင်း စစ်တပ်ကတော့ တကယ့် အမှန်အကန် လူထု ဆန္ဒခံယူပွဲ လုပ်ပေးခဲ့တာပါ။ ဒါကြောင့် မြန်မာ့ ဖွဲ့စည်းပုံ ၂၀၀၈ ဆိုတာကြီးက ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံတယ်ဆိုပြီး အတည်ဖြစ်ခဲ့ ပေမယ့် ထိုင်းစစ်တပ်က ရေးခိုင်းတဲ့လူတွေ တင်တဲ့ ဖွဲ့စည်းပုံ အသစ်ကတော့ ပယ်ချခံခဲ့ရပါတယ်။ အခုလည်း နောက်ထပ် ဖွဲ့စည်းပုံ တစ်ခု ထပ်ရေးပြီး လူထုဆန္ဒခံယူပွဲ လုပ်ပါဦးမယ်။ ဖွဲ့စည်းပုံက မစွံရင်တော့ ပယ်ချခံရပါဦးမယ်။

ကျွန်တော်ပြောချင်တာကတော့ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပေမယ့် အောက်ခြေ အင်စတီကျူးရှင်းတွေက ခိုင်မာ၊ ဗျူရိုကရေစီ ယန္တယားတွေက ပုံမှန် အလုပ်လုပ်နိုင်တဲ့ အဆင့်ရောက်နေတာ ဆိုတော့ မြန်မာနိုင်ငံလို၊ အာဖရိက က ဆင်းရဲမွဲတေ တဲ့ နိုင်ငံတွေကလို တိုင်းပြည်အတွက် အထိအခိုက် သိပ်အကြီးကြီး မဖြစ်ပေါ်ဘူး ဆိုတာပါပဲ။ စစ်တပ်က အာဏာသိမ်းပြီး ဝင်အုပ်ချုပ်ရင် ထိခိုက်တာကတော့ ထိခိုက်တာပေါ့။ ဒါပေမယ့် မြန်မာပြည်လို အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာလောက်တော့ မဆိုးဘူးလို့ ကျွန်တော် ဆိုလိုတာပါ။ ဒါကြောင့်ပဲ ကျွန်တော် အခု တစ်ခေါက်ရောက်တုန်း ထိုင်းခရီးသွားလုပ်ငန်း ဘယ်အခြေအနေရှိမလဲ စူးစမ်းကြည့်မိပါတယ်။

ကိုမျိုးသန့်ရေ

ထိုင်းအကြောင်းပြောမယ် ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅မှာ ဘန်ကောက်က ဟိန္ဒူ နတ်ဘုရား ရုပ်ထု ထားတဲ့ ရင်ပြင်မှာ ဗုံးပေါက်ကွဲတဲ့ ကိစ္စက မပြောမဖြစ် ပြောရမယ့် ကိစ္စပါ။ အဲဒီနေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာ ဆိုတော့ ထိုင်းကို ကမ္ဘာလှည့်တွေ လာတာ နည်းသွားလေမလား၊ အဲဒီ ဗုံးပေါက်ကွဲတဲ့ နေရာကို သွားရဲတဲ့လူတွေ ရှိပါ့မလားလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ ထိုင်းတွေက အဲဒီနေရာမှာ လုံခြုံရေးတွေ အများအပြား ချထားပေးလိုက်ပါတယ်။ ခရီးသည်တွေ စိတ်လုံခြုံမှု ရှိစေအောင်ပါ။ ကျွန်တော်တို့ ရောက်သွားတဲ့ အချိန် အဲဒီ နေရာကျဉ်းကျဉ်းလေးမှာ ထိုင်းလုံခြုံရေး ၁၀ ယောက် ကျော်လောက် နေရာချထားပေးတာ တွေ့ရပါတယ်။ နောက်ပြီး ထိုင်း ကခြေသည် အဖွဲ့တွေကလည်း ဆုတောင်းအက ဆိုမလား၊ ဘာဆိုမလည်း၊ အဲဒီနေရာမှာ လာပြီး ပုံမှန် ကပြ ဖျော်ဖြေမှုတွေ လုပ်ပေး နေလေတော့ အင်း- အဲဒီနေရာ ဗုံးမကွဲခင်ကထက် ပိုပြီး စည်ကားနေတာ တွေ့ရပါသဗျား။

၂၀၁၃ ခုနှစ်မှာ ထိုင်းနိုင်ငံ ကို လာတဲ့ နိုင်ငံခြားသား ဦးရေ စုစုပေါင်း ၂၆ သန်းကျော် ရှိပါ တယ်။ အာဏာသိမ်းပွဲ ဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာတော့ ၂၄ သန်း လာခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတော့ ၂၉ သန်းလောက်ထိ ပြန်မြင့်တက်လာခဲ့ပါတယ်။ အခုချိန်ကတော့ ခရီးသွား ရာသီပါ။ ဘန်ကောက်မှာ ဘယ်နေရာကြည့်ကြည့် နိုင်ငံခြားသားတွေ ချည်းပါပဲ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဘန်ကောက်နဲ့ ချိတ်ဆက်ထားတဲ့ လေယာဉ်လိုင်း၊ ကားလိုင်း၊ ရထားလိုင်းတွေမှာ လည်း နိုင်ငံခြားသားတွေချည်းပါပဲ။ နောက် ထိုင်းနိုင်ငံက ခရီးသွားတွေ ကျက်စားတဲ့ မြို့တွေ၊ တောင်ပေါ်စခန်းတွေ၊ ကျွန်းတွေမှာလည်း နိုင်ငံခြားသားတွေချည်းပါပဲ။ ကျွန်တော်တို့ဆီမှာလို နိုင်ငံခြားသား ခရီးသည်တွေ အလာများတယ် ဆိုတဲ့ စာရင်းပေါ်အောင်၊ နယ်စပ်ကို ခဏလောက် ဖြတ်သူတွေကို စာရင်းထည့်ပေါင်းထားတာမျိုး မဟုတ်ပါဘူး။ တကယ့်ကို များနေဆဲပါ။ ဒါတွေ တွေ့ခဲ့တော့ ကျွန်တော် စဉ်းစားမိတာ တစ်ခုက ကျွန်တော်တို့ဆီမှာ စစ်အာဏာရှင် စနစ် အရိပ် အောက်က လွတ်ကာစ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ခြေချမိကာစ၊ တိုင်းပြည် ဖွံ့ဖြိုးရေးကို အကြီးအကျယ် လုပ်ဖို့ အရေးတကြီးလိုနေပြီ ဆိုတာ သိလိုက်ပါတယ်။ နောက် ပျက်စီးနေတဲ့ အင်စတီကျူးရှင်းတွေ ကောင်းမွန်အောင် ပြန်တည်ဆောက်ထား၊ ခိုင်မြဲအောင် လုပ်ထားဖို့ လိုနေပါ တယ်။ ဒါမှသာ မပြောကောင်း မဆိုကောင်း၊ နောင် နှစ်တစ်ချို့ရောက်လို့ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာသိမ်းပွဲ တစ်ခုခုနဲ့များ ကြုံရရင် ထိုင်းလိုပဲ သိပ်အထိနာမှာ မဟုတ်ဘူးလို့ တွေးမိရင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly