ဂုတ်ထိပ်တံတားကို ပြည်တွင်း/ပြည်ပခရီးသွားများ လေ့လာနိုင်ရန် စင်းလုံးငှား အစီအစဉ် စတင်

ဂုတ်ထိပ်တံတားကို ပြည်တွင်း/ပြည်ပခရီးသွားများ လေ့လာနိုင်ရန် စင်းလုံးငှား အစီအစဉ် စတင်
 ဂုတ်ထိပ်တံတားပေါ်မှ ဖြတ်သန်းသွားလာသည့် RBE ရထားတွဲကို ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဖေဖော်ဝါရီ ၁၂ ။ ။ သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်ကြည့်ရှု့လေ့လာနိုင်ရေးအတွက် ခရီးသည် ၂၀ ဦး စီးနင်းနိုင်သည့် သံလမ်းပြေးယာဉ် Rail Gang Car (RHC) နှင့် ခရီးသည် ၅၀ စီးနင်းနိုင်သည့် Rail Bus Engine (RBE) တို့ကို မြန်မာ့မီးရထားမှ စင်းလုံးငှားရမ်းပေးလျက်ရှိသည်ဟု မြန်မာ့မီးရထား(နေပြည်တော်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ဖေဖော်ဝါရီလ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးဘူတာကြီး၊ နားနေဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

"ကျွန်တော်တို့အနေနဲ့က လာရောက်လေ့လာတဲ့သူတွေကို အန္တရာယ်ကင်းကင်းနဲ့ သဘာဝအလှတွေကို လေ့လာနိုင်အောင်လို့ အခုလို စင်းလုံးငှားတွေစီစဉ်ရတာဖြစ်ပါတယ်။ ဒီလိုလုပ်နေတာတွေကို ပြည်သူလူထုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် သတင်စာရှင်းလင်းပွဲလုပ်တာပါ။" ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

ထိုသို့ ငှားရမ်းစီးနင်းလေ့လာလိုသူများသည် အမှတ်(၃)တိုင်း၊ မန္တလေးရုံး(ဘူတာကြီး)နှင့် မြန်မာ့မီးရထားရုံးချုပ်တို့တွင် ဆက်သွယ်ငှားရမ်းနိုင်သည်ဟုလည်း ဦးကျော်ကျော်မျိုး ကဆိုသည်။

လူတစ်ဦးလျင် ၅၀၀၀ကျပ် နှုန်းကောက်ခံ၍ နောင်ချိုဘူတာ (သို့မဟုတ်) နောင်ပိန်ဘူတာမှ စတင်ထွက်ခွာပေးမှာဖြစ်ပြီး ဂုတ်ထိပ်တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်လျက် တံတားကြီး တစ်ဖက်တစ်ချက်စီတွင် ၁၀ မိနစ် ရပ်တန့်ပေးသွားမည်ဖြစ်သည်။

"နောင်ချိုဘက်က စီးမယ့်သူကို နောင်ချိုဘူတာက ထွက်ပေးမယ်။ နောင်ပိန်ဘက်စီးမယ့်သူကို နောင်ပိန်ဘက်က ထွက်ပေးမယ်။ သတ်မှတ်လူဦးရေတော့ပြည့်ရမယ်။ ပြီးတော့ တံတားထိပ်မှာ ခဏ ၁၀ မိနစ်လောက်ရပ်ပေးမယ်။ တံတားပေါ်တော့မဆင်းရဘူး။ရထားပေါ်ကပဲ လေ့လာရမယ်။ ဒါကိုတော့လိုက်နာရပါမယ်။"ဟု ဦးကျော်ကျော်မျိုးကပြောသည်။

လာရောက်လေ့လာသူအများစုသည် ဂုတ်ထိပ်တံတားပေါ်သို့ ဖြတ်သန်းလမ်းလျောက်လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လမ်းလျောက်လေ့လာခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဖြတ်သန်းလမ်းလျောက်ခွင့်ကို မြန်မာ့မီးရထားမှ လုံးဝ ပိတ်လိုက်သည်ဟု ဦးကျော်ကျော်မျိုးကဆိုသည်။

"တံတားပေါ်ကို လုံးဝဖြတ်လျောက်ခွင့် ပိတ်လိုက်ပြီ။ ဒီလိုပိတ်လိုက်လို့ အခုလို စင်းလုံးဌားတွေစီစဉ်လိုက်တာပါ။"ဟု ဦးကျော်ကျော်မျိုးကပြောသည်။

ထိုသို့စင်းလုံးဌားဖြင့် လေ့လာနိုင်သည်ကို ဘူတာများတွင် ကြေငြာချက်များကပ်သွားမှာဖြစ်ပြီး ထိုသို့စင်းလုံးငှားပြေးဆွဲပေးခြင်းကို မြန်မာ့မီးရထားမှ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရန်အတွက် တင်ဒါများခေါ်ယူရန်လည်း ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required