တပ်မတော်အရာရှိ (ငြိမ်း) များကို ပြည်ထဲရေးနှင့် ရွေးကောက်ပွဲကော်မရှင်တွင် အများဆုံးပြောင်းရွှေ့ ခန့်အပ်ခဲ့

တပ်မတော်အရာရှိ (ငြိမ်း) များကို ပြည်ထဲရေးနှင့် ရွေးကောက်ပွဲကော်မရှင်တွင် အများဆုံးပြောင်းရွှေ့ ခန့်အပ်ခဲ့
(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

နေပြည်တော်၊ဖေဖော်ဝါရီ ၁၂ ။            ။ တပ်မတော်သားအရာရှိ အငြိမ်းစားများကို ပြီးခဲ့သည့် နှစ်နှစ်ခွဲကာလအတွင်း ဝန်ကြီးဌာန အဖွဲ့အစည်း ၄၀ သို့ ပြောင်းရွှေခန့်ထား ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် အများဆုံးခန့်အပ်ခဲ့ကြောင်းသိရသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်း၏ ခန့်အပ်ခဲ့ပြီးသော တပ်မတော်အရာရှိ (အငြိမ်းစား) များ၏ အရေအတွက်ကို ခန့်အပ်ခဲ့သည့် ဝန်ကြီးဌာန ၊ ဦးစီးဌာန အလိုက်သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်ထောင်စုဝန်ရာထူးဝန်အဖွဲ့ဥက္ကဌ ဦးကျော်သူ ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ယနေ့အချိန်ထိ နှစ်နှစ်ခွဲကာလအတွင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၄၀) ခုသို့စုစုပေါင်း တပ်မတော်အရာရှိ (၅၄၁) ဦးကို ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်ရေး စီစစ်ညှိနှိုင်း တင်ပြဆောင်ရွက်ပေး ခဲ့ပါသည် ” ဟု ဦးကျော်သူ ၏ ဖြေကြားချက်တွင် ပါရှိသည်။

ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော်အရာရှိများ၏ ကျန်းမာရေးအခြေအနေ ၊၊ ပညာအရည်အချင်း နှင့် အကျင့်စာရိတ္တ ကောင်းမွန်မှု အပေါ်မူတည်၍ သင့်တော့်မည့် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပူးပေါင်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ခန့် ထားပေးနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ခန့်အပ်ခဲ့သည့် တပ်မတော် အရာရှိ (ငြိမ်း)၅၄၁ ဦးအနက် ပြည်ထဲရေးဝန်ကြီးဌာနတွင် တပ်မတော်သားအရာရှိ (ငြိမ်း) ၁၈၄ ဦး ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် တပ်မတော်သားအရာရှိငြိမ်း ၁၀၄ ဦး နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတွင် ၂၆ ဦးဖြင့် အများဆုံး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန နှင့် ဦးစီးဌာန အဖွဲ့အစည်း ၄၀ သို့ ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည့် တပ်မတော် အရာရှိ (ငြိမ်း) များခန့်ထားမှုအနက် ဌာနတစ်ခုချင်းစီတွင် အနည်းဆုံး ၁ ဦး မှ အများဆုံး ၁၈၄ ဦးခန့်အပ်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေက ပေးအပ်ထားသော အခွင့်အာဏာတာဝန် အရ ကာကွယ်ရေးဝန်ကြီးဌာန မှ တပ်မတော်အရာရှိများအပါအဝင် အရာထမ်းများ ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း နှင့် ပက်သက်၍ မည်သည့် ဝန်ကြီးဌာနမှ တင်ပြလာသည်ဖြစ်စေ နိုင်ငံ့ဝန်ထမ်းဥပဒေ ၊ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဌ ဖြေကြားချက် တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required