IS အုပ်စုမှာ ဓာတုလက်နက်များ ထုတ်လုပ်အသုံးပြုနိုင်စွမ်းရှိနေပြီဟု CIA ညွှန်ကြားရေးမှူး ပြော

IS အုပ်စုမှာ ဓာတုလက်နက်များ ထုတ်လုပ်အသုံးပြုနိုင်စွမ်းရှိနေပြီဟု CIA ညွှန်ကြားရေးမှူး ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၁၂ ။            ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက ဓာတုလက်နက်များကို အသုံးပြုနေပြီး။ ကလိုရင်းနှင့် အဆိပ်ဓာတ်ငွေ့အနည်းငယ်ကို တီထွင်ထုတ်လုပ်နိုင်စွမ်း ရှိနေကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးဧဂျင်စီ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

“အိုင်အက်စ်အကြမ်းဖက်အုပ်စုက စစ်မြေပြင်မှာ ဓာတုလက်နက်တွေ အသုံးပြုခဲ့တဲ့ သာဓကအဖြစ်အပျက် အမြောက်အများ တွေ့ရှိထားပါတယ်”ဟု စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ဘရင်နန်က စီဘီအက်စ် သတင်းဌာနသို့ ဖေဖော်ဝါရီလ ၁၁ရက်နေ့က ပြောကြားခဲ့သည်။

အိုအက်စ်အကြမ်းဖက်အုပ်စုမှာ လက်နက်အဖြစ် အသုံးပြုရန် အဆိပ်ဓာတ်ငွေ့ (သို့မဟုတ်) ကလိုရင်းဓာတ်ငွေ့ကို အနည်းအကျဉ်း ထုတ်လုပ်နိုင်စွမ်းရှိနေပြီဟု စီအိုင်အေက ယုံကြည်နေကြောင်းလည်း ဘရင်နန်က ပြောကြားသည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်အုပ်စုက ဓာတုလက်နက်များကို အနောက်နိုင်ငံများသို့ပင် တင်ပို့ရောင်းချလာနိုင်ခြေရှိသည်ဟုလည်း ဘရင်နန်က သတိပေးလိုက်သည်။ “ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော် ထင်တယ်။ ဒါ့ကြောင်း သူတို့ အသုံးပြုလေ့ရှိတဲ့ မှောင်ခိုလမ်းကြောင်းတွေကို ဖြတ်တောက်ထားဖို့ အရေးကြီးတယ်”ဟုလည်း ဘရင်နန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required