ရုရှအတိုက်အခံခေါင်းဆောင်က ပူတင်ကို အဂတိလိုက်စားမှုဖြင့် တရားစွဲ

ရုရှအတိုက်အခံခေါင်းဆောင်က ပူတင်ကို အဂတိလိုက်စားမှုဖြင့် တရားစွဲ

မော်စကို၊ ဖေဖော်ဝါရီ - ၁၂ ။               ။ ရုရှ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာနီက သမ္မတ ဗလာဒီမီယာ ပူတင်အား သားမက်ဖြစ်သူ ပိုင်ဆိုင်သည့် ကုမ္ပဏီသို့ ငွေအမြောက်အများချေးရန် အမိန့်ပေးခဲ့သည်ဟု စွပ်စွဲကာ ကြာသပတေးနေ့က အဂတိလိုက်စားမှုဖြင့် တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုထားသည်ဟု ကြေညာခဲ့သည်။

“ပူတင်ကို သူ့သားမက်နဲ့ ပတ်သက်ပြီး ကျနော် တရားစွဲဆိုထားပါတယ်။ ကျနော်နိုင်မယ်ဆိုတာ သေချာပါတယ်”ဟု နာဗာနီက ရုရှခေါင်းဆောင်မှာ လက်ရှိသူ့သမီးကို လက်ထပ်ထားသည့် သားမက်ဖြစ်သူ ကီရီ ရှာမာလက်၏ အကျိုးစီးပွားအတွက် ခြစားမှုဥပဒေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည့် ဘလော့တွင် ရေးသားခဲ့သည်။

ရှာမာလက်မှာ ပူတင်က ရေနံဓာတုကုမ္ပဏီ Siburကို နိုင်ငံတော်ရံပုံငွေမှ ကန်ဒေါ်လာ ၁.၇၅ဘီလျံ ထောက်ပံ့ရန် အမိန့်မထုတ်မီကလေးတွင် ထိုကုမ္ပဏီမှ ရှယ်ယာကို ပိုင်ဆိုင်လာခဲ့သည်ဟု နာဗာနီက အစိုးရ မှတ်တမ်းများနှင့် ထုတ်ပြန်ချက်များကို ကိုးကား ပြောကြားခဲ့သည်။

သို့ရာတွင် ပူတင်၏ ပြောခွင့်ရပုဂိုလ် ဒီမီထရီ ပက်စကော့ကမူ တရားစွဲဆိုထားမှုကို သမ္မတက သိရှိခြင်းပင် မရှိကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

ပူတင်က သူ၏ မိသားစုဘဝကို ကိုယ်ရေးကိုယ်တာအဖြစ် လျှို့ဝှက်ထားလေ့ရှိသော်လည်း ရှာမာလက်နှင့် မော်စကို အစိုးရတက္ကသိုလ်တွင် အလုပ်လုပ်နေပြီး ကတ်ထရီးနား တီခိုနိုဗာဟု သိထားကြသည့် ပူတင်၏ သမီးဖြစ်သူနှင့် ပတ်သက်မှုကို မီဒီယာများက ဖောပြနေကြပြီး၊ ယခင်က ရော့အင်ရိုးကခြေသည်တစ်ဦးဖြစ်သည့် ရှာမာလက်က ကုမ္ပဏီတစ်ခုကို ကြီးမှူးနေသည်ဟု ဆိုသည်။

ကီရီ ရှာမာလက်မှာ ပူတင်၏ အတွင်းစည်းအဖွဲ့ဝင်များ ပိုင်ဆိုင်သည့် အစိုးရအရာရှိကြီးများ၏ ပုဂလိကဘဏ်အဖြစဟ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းထားသည့် Rossiya ဘဏ်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သော နီကိုလိုင် ရှာမာလက်၏ သားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required