အဲဗာတန်တို့ ရွေးခြယ်တဲ့ လှပသော ဘောလုံးအားကစား

အဲဗာတန်တို့ ရွေးခြယ်တဲ့ လှပသော ဘောလုံးအားကစား

လီဗာပူးလ်၊ ဖေဖော်ဝါရီ ၁၂ ။           ။ ဘောလုံးအားကစားနည်းက တကယ်ကို လှပပြီး ချစ်စရာကောင်းတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေမှာ ညစ်ပတ်တဲ့ ကစားသမားတွေ၊ ဆိုးသွမ်းတဲ့ ပရိသတ်တွေ ရှိကြပေမယ့် အဲ့ဒီအရာတွေရဲ့ ဆန့်ကျင်ဘက် သန့်ရှင်းသော ကစားသမား၊ ယဉ်ကျေးသော ပရိသတ်ပေါင်းများစွာလည်း ရှိပါတယ်။

ဘောလုံးအားကစားနည်းမှာ ဘောလုံးကျွမ်းကျင်မှု၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာတွေက အရေးကြီးသလို အသင်းလိုက်စည်းလုံးညီညွတ်မှု၊ နည်းဗျူဟာ၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု၊ စက္ကန့်ပိုင်းအတွင်း ချမှတ်ရတဲ့ လျှင်မြန်သော ဆုံးဖြတ်ချက် စတဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေကလည်း အရေးပါလှပါတယ်။

အခုဆိုရင် ဘောလုံးပွဲတွေက တစ်ကမ္ဘာလုံးကို ထိုးဖောက်အောင်မြင်နေပြီး ကမ္ဘာကျော်ဘောလုံးသမားတွေကလည်း လူငယ်တွေအတွက် စံပြတွေ ဖြစ်လာခဲ့ကြပါပြီ။ အခုခေတ်မှာ ဘောလုံးပွဲတစ်ပွဲရဲ့ အရေးပါမှုက မမှန်းဆနိုင်လောက်အောင်ပါပဲ။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ကိစ္စရပ်အားလုံးကို ဘောလုံးအားကစားက စိုးမိုးနိုင်ပါတယ်။

အင်း… စကားနည်းနည်း ရှည်သွားပါပြီ။ အခု ပြောလိုတဲ့ အဓိက အကြောင်းကတော့ အဲ့ဒါတွေ မဟုတ်ပါဘူး။ အဲဗာတန်အသင်းရဲ့ ဇန်နဝါရီလ အကောင်းဆုံးဂိုးဆုကို ကိုးနှစ်သားလေး ဂျော့ရှော ရရှိသွားတဲ့ အကြောင်းကို ပြောလိုတာပါ။

ဘောလုံးအားကစားမှာ နှစ်လိုဖွယ် လှပသော အဖြစ်အပျက်ပေါင်းများစွာ ရှိတဲ့အနက် အဲဗာတန်အသင်းနဲ့ပရိသတ်တွေရဲ့ လုပ်ရပ်က တကယ်ကို စိတ်ကြည်နူးစရာပါပဲ။ ဘောလုံးအားကစားမှာ ဒီလို လှပတဲ့ ဖြစ်ရပ်တွေ ရှိတယ်ဆိုတာလည်း သိစေချင်လို့ပါ။

အဲ့ဒီကလေးလေးရဲ့ နာမည်က ဂျော့ရှော ဖြစ်ပါတယ်။ အသက် ကိုးနှစ်သာ ရှိသေးပေမယ့် Cerebral palsy လို့ ခေါ်တဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါမျိုး ခံစားနေရပြီး ခြေထောက်အောက်ပိုင်း မသန်စွမ်းတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ အဲ့ဒီရောဂါခံစားနေရတဲ့ ကလေးငယ်တွေမှာ ပြဿနာတွေ အများကြီးရှိပါတယ်။ အမြင်အာရုံ၊ အကြားအာရုံနဲ့ စကားပြောဆိုရာတွေမှာ ပုံမှန်မဟုတ်တဲ့ အနေအထား မျိုးတွေ ဖြစ်ပါတယ်။

အဲ့ဒီလိုရောဂါကို ခံစားနေရတဲ့ ဂျော့ရှောလေးဟာ အဲဗာတန်အသင်းရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဘာကလေ၊ လင်နွန်နဲ့ မီရာလက်စ်တို့ကို ကျော်ဖြတ်ပြီး အဲဗာတန်အသင်းရဲ့ ဇန်နဝါရီလ အကောင်းဆုံးဂိုးသွင်းရှင်ဆုကို ရရှိသွားခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အဲဗာတန်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ ဆွမ်ဆီးတို့ရဲ့ ပွဲစဉ်ကို ဂျော့ရှောက စပိန်ကစားသမား ဒယ်လိုဖူရဲ့ ဖိတ်ကြားမှုနဲ့ လာရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ရဲ့ ပထမပိုင်းပြီးချိန်မှာ ဂျော့ရှောက ကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ဂိုးဝင်အောင် ကန်သွင်းခဲ့ပါတယ်။ အဲဗာတန်ပရိသတ်တွေကလည်း ဂျော့ရှောလေးကို အားပေးခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ အဲဗာတန်က ၁-၂ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

အဲ့ပွဲက ဇန်နဝါရီ ၂၄ ရက်မှာ ကစားခဲ့တာပါ။ ဒီလိုနဲ့ ဖေဖော်ဝါရီလထဲ ရောက်လာတော့ ပုံမှန်အတိုင်း ဇန်နဝါရီလအတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပေးဖို့ အဲဗာတန်ပရိသတ်တွေ မဲပေးကြပါတယ်။ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင် ပါလာတဲ့ ဂိုးတွေက ဘာကလေရဲ့ မန်စီးတီးကို သွင်းခဲ့တဲ့သွင်းဂိုး၊ ချယ်လ်ဆီးကိုသွင်းခဲ့တဲ့ မီရာလက်စ်ရဲ့သွင်းဂိုးနဲ့ လင်နွန်ရဲ့ စပါးနဲ့ကာလစ်လီအသင်းတို့ကို သွင်းခဲ့တဲ့ သွင်းဂိုးတွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းအံ့သြဖွယ်ရာအဖြစ် အဲဗာတန်ပရိသတ်တွေက ထိပ်တန်းကစားသမားတွေရဲ့ သွင်းဂိုးထက် ဂျော့ရှောလေးရဲ့ သွင်းဂိုးကို အကောင်းဆုံးဂိုးအဖြစ် မဲများစွာပေးခဲ့ကြပါတယ်။ မဲရာခိုင်နှုန်း ၈၆ အထိတောင် ဂျော့ရှောလေး ရရှိခဲ့တာပါ။

ဒါကြောင့် အကောင်းဆုံးဂိုးဆုကို လက်ခံရယူပေးဖို့ ဂျော့ရှောလေးဟာ အဲဗာတန်အသင်းရဲ့ လေ့ကျင့်ရေးကွင်း Finch Farm ကို အလည်သွားရောက်ခွင့် ထပ်ရခဲ့ပါတယ်။ အဲဗာတန်နည်းပြ မာတီနက်ဇ်က အကောင်းဆုံးဆုကို ဂျော့ရှောလေးထံ ပေးအပ်ခဲ့ပါတယ်။

ပြီးတဲ့နောက်မှာတော့ သူရဲကောင်းလေးဟာ အဲဗာတန်နည်းပြ မာတီနက်ဇ်၊ အကောင်းဆုံးဂိုးဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ ဘာကလေ၊ မီရာလက်စ်၊ လင်နွန်၊ သူ့ကိုဖိတ်ခေါ်ခဲ့တဲ့ ဒယ်လိုဖူ၊ ပြီးတော့ ယူ-၂၁ အသင်းသားတွေနဲ့ တွဲဖက်ပြီး ဓာတ်ပုံတွေ အရိုက်ခံခဲ့ပါတယ်။

'ဂျော့ရှောလေးက Gwladys Street end(အဲဗာတန်အသင်းရဲ့ မြောက်ဘက်ဂိုး)မှာ ဂိုးသွင်းယူဖို့ အိပ်မက် မက်ခဲ့တာပါ။ သူ ဒါကို လုပ်နိုင်ဖို့အတွက် သူ့အဖေနဲ့ နောက်ဘက်က ပန်းခြံထဲမှာ လေ့ကျင့်နေခဲ့ပါတယ်။

ခင်ဗျားတို့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့ဖို့ ဂျော့က သက်သေပြခဲ့တာပါ။

သူက ငယ်ရွယ်တဲ့ ကလေးငယ်တစ်ဦးဆိုပေမယ့် မယုံကြည်နိုင်လောက်အောင်စွမ်းဆောင်နိုင်သူဖြစ်ပါတယ်။ ဖျားနာခြင်းနဲ့ မသန်စွမ်းခြင်းက သူ့ရဲ့အိပ်မက်ကို မဖျက်ဆီးနိုင်ခဲ့ပါဘူး။ အဲဗာတန်ပရိသတ်တွေက သူ့ကို လုံးဝမှတ်မိသိရှိသွားကြပြီး စစ်မှန်တဲ့ အားပေးဂုဏ်ပြုမှုကိုလည်း ရရှိခဲ့ပါတယ်။

ဘဝကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာနဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ ဂျော့ဆီကနေ သင်ခန်းစာယူနိုင်ပါတယ်' လို့ အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောဆိုခဲ့ပါတယ်။

ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့တဲ့ ဂျော့ကလည်း 'ဒီဆုကို ကျွန်တော်ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ အားလုံးရဲ့ ထောက်ခံအားပေးမှုကြောင့် အခု ဆုရခဲ့ပါပြီ။ ကျွန်တော်ဆုရတာကို မယုံကြည်နိုင်ပါဘူး။

အားပေးထောက်ခံခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ရာသီအဆုံးမှာ ပေးအပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး။ အဲ့ဒါက တကယ့်ကို အကောင်းဆုံးဖြစ်လာပါလိ့မ်မယ်' လို့ ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ရာသီပြီးဆုံးသွားခဲ့ရင် မေလ ၁၁ ရက်နေ့မှာ လီဗာပူးလ်မြို့က စိန့်ဂျော့ခန်းမမှာ တစ်ရာသီလုံးအတွက် ဆုပေးပွဲအခမ်းအနားကို ကျင်းပမှာ ဖြစ်ပြီး ဒီပွဲမှာ ဂျော့ရှောလေးကိုလည်း ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။

ဂျော့ရှောလေးကို ဆွမ်ဆီးနဲ့ပွဲ ကြည့်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဒယ်လိုဖူကလည်း သူ့ရဲ့ ဖိနပ်တစ်ရံကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး 'ဆွမ်ဆီးနဲ့ပွဲမှာ အနိုင်မရခဲ့လို့ အလွန်စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့က ဂျော့ရှောနဲ့ သူ့ရဲ့ မိသားစုကို ကျွန်တော်တွေ့ခွင့်ရခဲ့ပါတယ်။ ဂျော့က အလွန်စိတ်ဓာတ်ခိုင်ခံ့ပြီး သန်မာတဲ့ ကလေးငယ်တစ်ဦးပါ' လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။

ဂျော့ရှောလေးရဲ့ အဖြစ်အပျက်ကတော့ အဲဗာတန်အသင်းနဲ့ ပရိသတ်တွေ ရေးခြယ်တဲ့ လှပသော ဘောလုံးအားကစား ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly