အစိုးရသစ်လက်ထက် ဗြိတိန် ရင်းနှီးမြှုပ်နှံမှု မြန်မာကို ပိုဝင်လာနိုင်မလား

အစိုးရသစ်လက်ထက် ဗြိတိန် ရင်းနှီးမြှုပ်နှံမှု မြန်မာကို ပိုဝင်လာနိုင်မလား
ဗြိတိန်ကုန်သည်ကြီးများအသင်း-မြန်မာ ညွှန်ကြားရေးမှူး Ms. Stephanie Ashmore (ဓာတ်ပုံ-စည်သူအောင်၊မဇ္ဈိမ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂။ ။ ဗြိတိန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်တိုးလာမလားဆိုတဲ့ အခြေအနေတွေကိုတော့ မဇ္ဈိမသတင်းထောက် ကိုအောင်သူရက ဗြိတိန်ကုန်သည်ကြီးများအသင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Stephanie Ashmore နဲ့ တွေ့ဆုံ ဆွေးနွေးထားပါတယ်။ 

Ms. Stephanie Ashmore နဲ့ စကားပြောကြည့်ရသလောက်တော့ ဗြိတိန်ကကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီးလာမယ့် အခြေအနေတစ်ချို့ကိုတော့ မြင်တွေ့ရပါတယ်။

လောလောဆယ်တော့ ဗြိတိန်အပါအဝင် ပယ်လယ်ရပ်ခြားနယ်မြေတွေ စုပေါင်းထားတဲ့ United Kingdom –UK ရဲ့ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုတွေက တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့ထက် နည်းနေသေးတယ်၊ သူတို့ကုမ္ပဏီတွေ ဒီနိုင်ငံမှာပိုပြီးရင်းနှီးမြှုပ်နှံကြဖို့ မျှော်လင့်နိုင်ပြီးဒီအတွက်လည်း ဗြိတိန်သျှစီးပွားရေးတွေကို ဆွဲဆောင်နိုင်မယ်လို့ သူမကပြောပြထားပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မကုန်ခင် ဒီဇင်ဘာလကုန်အထိကို ဗြိတိန်အပါအဝင် United Kingdom ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၈ သန်းကျော်နဲ့ နိုင်ငံအလိုက် နံပတ် (၈)နေရာမှာရှိနေတာပါ။ စင်ကာပူ၊ တရုတ်၊ နယ်သာလန်၊ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုရဲ့ ထိပ်ဆုံးနေရာမှာရှိနေကြတာပါ။ 

ဒီမှာဆိုရင် ဗြိတိသျှကုန်သည်တွေ၊ အရာရှိတွေနဲ့ နိုင်ငံတကာကစီးပွားရေးလုပ် ငန်းရှင်တွေကစီးပွားဘက်အသစ်တွေရဖို့..၊ သူတို့ရဲ့ကွန်ရက်ကိုတိုးချဲ့ဖို့ တွေ့ ဆုံနေကြတာပါ။

ဗြိတိသျှကောလိပ် (ရန်ကုန်) ရဲ့ ကျောင်းအုပ်ကြီး Mr. Daryl Orchardကလည်း "ကျွန်တော်တို့ကဒီနေရာကို အပြောင်းအလဲတွေကြောင့် ရောက်လာရတာပါ။" လို့ ဆိုပါတယ်။ 

 မြန်မာနိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးအရ ဘယ်လိုအခွင့်အလမ်းတွေ ရနိုင်မလဲဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

ဗြိတိန်ကုန်သည်ကြီးများအသင်း-မြန်မာ ညွှန်ကြားရေးမှူး Ms. Stephanie Ashmoreက "ရင်းနှီးမြှုပ်နှံမှုအခြေအနေက ဆက်တိုးတက်သွားမယ်လို့ ကျွန်မတို့ မျှော်လင့်တယ်။ တိုးတက်မှုတွေလည်း ရှိနှင့်နေပြီးသားပါ၊ အစိုးရသစ်က စီးပွားရေးတိုးတက်မှုဝန်းကျင်ကောင်းကို ဆက်ပြီး အာရုံစိုက်လုပ်ကိုင်သွားမယ်လို့ မြင်ပါတယ်။" လို့ သုံးသပ်ထားပါတယ်။ 

ဗြိတိန်ကစီးပွားရေးတွေ ဒီမှာ ပိုပြီးဝင်ရောက်လုပ်ကိုင်နိုင်ဖို့ လွယ်ကူနိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုမေးကြည့်တော့…

"လွယ်ကူသွားပါ့မလားဆိုတော့တော့ မပြောတတ်ဘူး၊ ဒါပေမယ့် ဒီမှာရှိတဲ့ စီးပွားရေးုလုပ်ငန်းတွေ၊ ကုမ္ပဏီတွေအားလုံးကတော့ ရေရှည်ကို ကြည့်ပြီးလုပ်ကိုင်နေကြတာပဲ။ သူတို့က မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးချင်တယ်လို့ ကျွန်မမြင်ပါတယ်။" လို့ သူမက ပြောပါတယ်။ 

ဗြိတိန်-United Kingdom အနေနဲ့ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်ကနေ ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်အထိကို မြန်မာနိုင်ငံတွင်းမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး ၁၉၈၈ ခုနှစ် န.ဝ.တ အစိုးရလက်ထက်ကနေသမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက် အထိကို ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဘီလီယံကျော် ဝင်ရောက်ထားတာပါ။ 

ဗြိတိန်ရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေ ရေးလုပ်ငန်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ အလှကုန်ပစ္စည်းဖြန့်ချီရေးနဲ့ အထည်ချုပ် လုပ်ငန်းစတဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်လျက်ရှိပြီး အလုပ်အကိုင်အရေအတွက် များများခန့်ထားနိုင်မယ့် ကုန်ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဗြိတိန်အနေနဲ့ စိတ်ဝင်စားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly