မက္ကဆီကို အကျဉ်းထောင်အဓိကရုဏ်းတွင် အနည်းဆုံး ၄၉ ယောက် အသတ်ခံရ

မက္ကဆီကို အကျဉ်းထောင်အဓိကရုဏ်းတွင် အနည်းဆုံး ၄၉ ယောက် အသတ်ခံရ

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ - ၁၂ ။                 ။ တိုက်ခိုက်မှုမှာ ၁ နာရီလျော့လျော့သာ ကြာမြင့်သော်လည်း နောက်ဆုံးတွင် ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်၏ နောက်လိုက် ၄၉ယောက် ထက်မနည်း သေဆုံးခဲ့ရသည်။

မြောက်ပိုင်း မွန်တာရေးမြို့မှ အကျဉ်းသားများ ပြည့်ကျပ်နေသည့် ဟောင်းနွမ်းအိုမင်းနေပြီဖြစ်သော အကျဉ်းထောင်အတွင်း ဓားများဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ကာ သေဆုံးခဲ့ကြခြင်းပင် ဖြစ်သည်။

နျူဗို လီယွန်အုပ်ချုပ်ရေးမှူး ဂျမ်း ရိုဒရီဂတ် ကယ်လ်ဒါရွန်၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့ သန်းခေါင်ယံအချိန်တွင် တိုပို ချီကို အကျဉ်းထောင်အတွင်း ဂျော့ အိုင်ဗင် ဟာနန်ဒက် ကန်တုခေါင်းဆောင်သည့် ဂိုဏ်းနှင့် ဂျူအန် ပက်ဒရို ဆာလ်ဒီဗာ ဖာရီးယက်စ်ခေါင်းဆောင်သည့် ဂိုဏ်းနှစ်ဂိုင်းကြား တိုက်ပွဲဖြစ်ပွားရာမှ အရေးအခင်း စတင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူအားလုံးမှာ အကျဉ်းသားများဖြစ်ပြီး၊ မူလက ပြည်နယ်အစိုးရက ၅၂ယောက် သေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ရဲအရာရှိများကမူ အလောင်း ၄၉လောင်းသာ တွေ့ရှိရသည် ဟုပြောကြားခဲ့သည်။ မစ္စတာ ရိုဒရီဂတ်ဇ်က ဒေသတွင်းသတင်းမီဒီယာသို့ ပြောကြားချက်အရ အကျဉ်းသားတစ်ဦးသာလျှင် ထောင်ရဲက ပစ်ခတ်ရျ် သေဆုံးရခြင်းဖြစ်ပြီး၊ ကျန်လူများမှာ ဓားဖြင့်ထိုး၊ တုတ်များဖြင့် အရိုက်နှက်ခံရရျ် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။

“ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲပဲ”ဟု အုပ်ချုပ်ရေးမှူးက ရေဒီယိုအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။  

ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒဏ်အသီးသီး ကျခံနေရသည့် ဂိုဏ်းခေါင်းဆောင် နှစ်ယောက်စလုံးမှာ ဗဟိုအစိုးရအကျဉ်းထောင်များမှ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ပြီး၊ ကြာသပတေးနေ့ နေ့လယ်ခင်းအထိ အစိုးရက တွေ့ရှိဖော်ထုတ်မိသမျှ သေဆုံးသူ ၄၀ထဲတွင် ဂိုဏ်းခေါင်းဆောင် နှစ်ယောက်စလုံး ပါဝင်ခြင်းမရှိဟု ဆိုသည်။

ဒေသခံများက အနီးဝန်းကျင် အိမ်ခေါင်မိုးများပေါ်မှ ရိုက်ယူထားသည့် ဗွီဒီယိုများထဲတွင်မူ ထောင်ဝင်းထဲတွင် ယောကျ်ားသား လူအုပ်များက တစ်ဖွဲ့ကိုတစ်ဖွဲ့ အော်ဟစ်ဆဲရေးနေပုံများကို တွေ့ကြရ သည်ဟု ဆိုသည်။ နောက်တော့ အကြမ်းဖက်မှုမှာ ပျံ့နှံ့လာရာ အကျဉ်းသားများက ထောင်ဂိုဒေါင်ကို မီးတင်ရှို့ခဲ့ကြသည်ဟု ဆိုသည်။

နျူဗိုလီယွန်၏ အအိုဟောင်းဆုံး အကျဉ်းထောင်၌ဖြစ်ပွားသည့် အဆိုပါ ရုန့်ရင်းဆန်ခတ်မှုအတွင်း အကျဉ်းသား ၁၂ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရာ ယင်းတို့အနက် ၅ယောက်မှာ ဒဏ်ရာ ပြင်းထန်သည်ဟု ဆိုသည်။

ကနဦးတွင် ထွက်ပြေးရန် ကြိုးစားရာမှ အဓိကရုဏ်းဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း အစိုးရကမူ မည်သည့်အကျဉ်းသားမျှ ထွက်ပြေးလွတ်မြောက်သွားခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

အကျဉ်းသား ၃၈၀၀အတွက် အစောင့်ရဲ အယောက်၁၀၀သာရှိပြီး နှစ်ပေါင်းများစွာ အကျဉ်းထောင်စနစ်ကို ဂရုမစိုက်ခဲ့သည့် ရလဒ်ဖြစ်ကြောင်း မစ္စတာ ရိုဒရီဂတ်ဇ်က မွန်တာရေးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗဟိုအစိုးရ ရဲတပ်ဖွဲ့နှင့် စစ်တပ်များက ထောင်ကို ဝန်းရံထားခဲ့သော်လည်း အကျဉ်းထောင်ဖွဲ့စည်းပုံက အတွင်းတွင်ဖြန့်ကျက်ရန် တားဆီးထားသလိုဖြစ်နေသောကြောင့် ထောင်အတွင်း ဝင်ရောက်နေရာ ယူရန် မလွယ်ဖြစ်နေသည်ဟုလည်း မစ္စတာ ရိုဒရီဂတ်ဇ်က ပြောကြားခဲ့သည်။ နံနက် ၁နာရီ ၃၀မိနစ်အချိန်တွင်မှ အဓိကရုဏ်းကို ထိန်းချုပ်နိုင်သွားခဲ့သည်ဟုလည်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

မက္ကဆီကို အကျဉ်းထောင်များမှာ အကျဉ်းသားများ ကျပ်သိပ်နေပြီး အဓိကရုဏ်းများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ စက်တင်ဘာလက အကျဉ်းသား ၁၁ယောက် ဒဏ်ရာရရှိခဲ့သည့် တိုပို ချီကိုအကျဉ်းထောင် အဓိကရုဏ်းတွင်လည်း ဇီတာ မူးယစ်ဂိုဏ်းခေါင်းဆောင် ဇီတက်စ်မှာ ဓားဖြင့် ထိုးသတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required