၂၀၁၉ ဘောလုံးရာသီအထိ ပရီးမီးယားလိဂ် ရုပ်သံထုတ်လွှင့်ခွင့်ကို စကိုင်းနက်ဝယ်ယူ

၂၀၁၉ ဘောလုံးရာသီအထိ ပရီးမီးယားလိဂ် ရုပ်သံထုတ်လွှင့်ခွင့်ကို စကိုင်းနက်ဝယ်ယူ

ဖေဖေါ်ဝါရီ ၁၂၊ ရန်ကုန်။             ။ မြန်မာနိုင်ငံတွင် ၂၀၁၂ ဘောလုံးရာသီမှစတင်ကာ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းမူပိုင်ထုတ်လွှင့်ခွင့်ရထားသော စကိုင်းနက်ရုပ်သံလိုင်းသည် ၂၀၁၉ဘောလုံးရာသီအထိ သုံးနှစ်စာ ရုပ်သံထုတ်လွှင့်ခွင့်ကို ထပ်မံဝယ်ယူနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်များတစ်ဦးတည်းမူပိုင်ထုတ်လွှင့်ခွင့်ကို နိုင်ငံတကာရုပ်သံလိုင်းများကို တင်ဒါစနစ်ဖြင့် ခေါ်ယူရောင်းချခြင်းဖြစ်ပြီး စကိုင်းနက်ရုပ်သံလိုင်းမှ တင်ဒါအောင်ကာ ဝယ်ယူခွင့်ရခဲ့ခြင်းဖြစ် သည်။

“ကျွန်တေ်ာတို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို နောက်သုံးနှစ်စာ ၂၀၁၉ဘောလုံးရာသီအထိ တစ်ဦးတည်းမူပိုင်ထုတ်လွှင့်ခွင့်ကို ဝယ်ယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် ပြည်တွင်းက ဘောလုံးဝါသနာရှင်တွေကို စိတ်မပူပါနဲ့လို့ပြောချင်ပါတယ်။ နှစ်ဖက်သဘောတူစာချုပ်အရ တန်ကြေးကိုတော့ ထုတ်မပြောနိုင်ပါဘူး။

၂၀၁၆ထဲမှာ ပုံမှန်ပြသနေကျ လိဂ်ပွဲတွေအပြင် ၂၀၁၆ ရီယိုဒီဂျေးနီးရိုး အိုလံပစ်နဲ့ ယူရို ၂၀၁၆ ပွဲတွေကိုလည်း တစ်ဦးတည်းမူပိုင်တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားပါတယ်။ ပွဲစဉ်တစ်ချို့ကို အခမဲ့ရုပ်သံလိုင်းတွေက ပြဖို့လည်းရှိပါတယ်။”ဟု စကိုင်းနက်ရုပ်သံလိုင်း အမှုဆောင်ဒါရိုက်တာ ဦးဝင်းနိုင်ကပြောသည်။

ပရီးမီးယားလိဂ်ပွဲစဉ်များကို ရုပ်သံထုတ်လွှင့်ပြသခွင့်တန်ကြေးကို သုံးနှစ်စာ ဒေါ်လာ သန်း ၈၀ ဖြင့် ဝယ်ယူရမည်ဟု ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေငြာထားသည်။ စကိုင်းနက်နှင့် စာချုပ်ဖြစ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ် အမှုဆောင်ဒါရိုက်တာ ရစ်ချတ်စကူဒါမိုးက “မြန်မာနိုင်ငံက ပရီးမီးယားလိဂ်ပရိသတ်တွေအတွက် စကိုင်းနက်နဲ့ပူးပေါင်းခွင့်ရတာ ဂုဏ်ယူပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အလုပ်တွဲလုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်။”ဟု ပရီးမီးယားလိဂ်အမှုဆောင်ဒါရိုက်တာ ရစ်ချတ်စကူဒါမိုး ကပြောသည်။၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်များ ရုပ်သံထုတ်လွှင့်ခွင့်ကို မြန်မာနိုင်ငံမှ စကိုင်းနက်ရုပ်သံလိုင်းအပါအဝင် နိုင်ငံပေါင်း ၆၄နိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly