“ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေ အသက်ဝင်လာမှာလား”

“ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေ အသက်ဝင်လာမှာလား”

ခုဆိုရင် ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေအားလုံး ဖွဲ့စည်းပြီးသွားပါပြီ။ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ရွေးချယ်ရာမှာ ပြည်နယ်နှစ်ခုမှာပဲ မဲစနစ်နဲ့ အပြိုင်ရွေးချယ်တာ ရှိခဲ့ပြီး ကျန်ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်သွင်းသူ တစ်ယောက်စီနဲ့ပဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးမြောက်ခဲ့ပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေဟာ အရင်သမ္မတ ဦးသိန်း စိန် လက်ထက်တုန်းကလိုပဲ အသက်မဝင် ဖြစ်နေဦးမှာလား၊ အဲဒီ လွှတ်တော်တွေ ဘယ်လောက် အလုပ်လုပ်နိုင်မလဲ၊ တကယ်ပဲ ပြည်နယ်နဲ့တိုင်း အစိုးရတွေကို ထိန်းကျောင်းနိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ပြည်နယ်နဲ့တိုင်း လွှတ်တော် ဖွဲ့စည်းပုံတွေကိုကြည့်ရင် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ကလွဲရင် ကျန်ပြည်နယ်နဲ့ တိုင်း ၁၂ ခုစလုံးမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေဟာ အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ပါ တယ်။ လွှတ်တော် ၁၂ ခုလုံးမှာလည်း အင်န်အယ်လ်ဒီ အမတ်တွေက အများစုမို့ ပြည်နယ်နဲ့ တိုင်းအဆင့် ဥပဒေတွေ ပြုရာမှာ၊ ပြင်ရာမှာ၊ ပယ်ဖျက်ရာမှာ အင်န်အယ်လ်ဒီ ပါတီက စိတ်တိုင်းကျ လုပ်ကိုင်နိုင်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ အဲလို မဟုတ်ပါဘူး။ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှစ်ယောက်စလုံး ပြည်ခိုင်ဖြိုးပါတီကဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုလည်း ပြည်ခိုင်ဖြိုး၊ တပ်မတော်သား အမတ်တွေနဲ့ သူတို့ရဲ့ မဟာမိတ် တိုင်းရင်းသားပါတီက အမတ်တွေ အများစု လွှမ်းမိုးထားပါတယ်။ ရှမ်းပြည်နယ်မှာ ပြည်ခိုင်ဖြိုး၊ တပ်မတော်သား အမတ်တွေနဲ့ သူတို့ မဟာမိတ် တိုင်းရင်းသားတွေ ပေါင်းထားတဲ့ အစုက ဥပဒေတွေကို ပြုတာ၊ ပြင်တာ၊ ပယ်ဖျက်တာ ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်။

အင်န်အယ်လ်ဒီက ခန့်မယ့် ဝန်ကြီးချုပ်နဲ့ အဲဒီ ဝန်ကြီးချုပ်က ဦးဆောင်ဖွဲ့စည်းမယ့် ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ဘက်က ကောင်းကောင်း ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ ရှမ်းပြည်နယ်ဟာ နယ်မြေ ကျယ်ဝန်းတာ၊ တိုင်းရင်းသား လူမျိုးစု ပေါင်းစုံ နေထိုင်တာ၊ မငြိမ်းချမ်းသေးတဲ့ ဒေသတွေလည်း ရှိနေတာ၊ တရုတ်နဲ့ ထိုင်းနယ်စပ်တွေနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာ၊ ဝနဲ့ မိုင်းလားလို မြန်မာ့အချုပ် အခြာအာဏာ မရှိတဲ့ ဒေသတွေ ပါဝင်နေတာ စတဲ့ အချက်တွေကြောင့် ရှမ်းပြည်နယ် လွှတ်တော်ဟာ စိတ်ဝင်စား စရာ ကောင်းနေပါလိမ့်မယ်။

သူ့လိုပဲ စိတ်ဝင်စားစရာကောင်းမယ့် နောက် ပြည်နယ်တစ်ခုကတော့ ရခိုင်ပြည်နယ်ပါ။ ရခိုင်ပြည်နယ်မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် ANP ရခိုင်အမျိုးသားပါတီကပဲ နာမည်စာရင်း တင်သွင်းပါ တယ်။ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုးနဲ့ တပ်ဘက်က အပြိုင် မတင်သွင်းပါဘူး။ အင်န်အယ် လ်ဒီ ဘက်ကတော့ ရခိုင်ပြည်နယ်မှာ အမတ်အများဆုံး အနိုင်ရတဲ့ ANP ပါတီကို လွှတ်တော်ရဲ့ အရေးကြီး တာဝန်တွေ ယူစေပြီး သူတို့ကတော့ ဝန်ကြီးချုပ်တာဝန်နဲ့ အစိုးရဖွဲ့မယ့်သဘော မြင်တွေ့ ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လွှတ်တော် အနေအထားဟာ ရှမ်းပြည်နယ်လို မရိုးရှင်းပါဘူး။

ဥပဒေတွေ ပြုတာ၊ ပြင်တာ၊ ပယ်ဖျက်တာကို ANP ပါတီ တစ်ခုတည်းက စိတ်ကြိုက် လုပ်လို့ရတဲ့ အနေအထား မတွေ့ရပါဘူး။ ဥပဒေပြုဖို့၊ ပြင်ဖို့၊ ပယ်ဖျက်ဖို့ဆိုရင် ANP ပါတီဟာ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ တပ်မတော်သား တစ်ဖွဲ့ဖွဲ့ရဲ့ ထောက်ခံချက်ကို ယူရပါလိမ့်မယ်။ အလားတူ အင်န်အယ်လ်ဒီကလည်း ဥပဒေ ရေးရာကိစ္စ ဆောင်ရွက်ချင်ရင် ANP ဒါမှမဟုတ်၊ ပြည်ခိုင်ဖြိုးနဲ့ တပ်ပေါင်းထားတဲ့ အုပ်စုတစ်ခုခုနဲ့ သဘောတူညီချက် ယူပြီးလုပ်မှ ရပါလိမ့်မယ်။

အလားတူ ပြည်ခိုင်ဖြိုးနဲ့ တပ်ပေါင်းထားမယ့် အုပ်စုက လည်း အခြား တစ်ဖွဲ့ဖွဲ့နဲ့ ပေါင်းပြီးမှ ဥပဒေဆိုင်ရာတွေ လုပ်နိုင်မှာပါ။ ဒါကြောင့် အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်နဲ့ ပြည်နယ် အစိုးရအဖွဲ့ကို ရှမ်းပြည်နယ်မှာလို အပြတ်အသတ် ထိန်းကျောင်းပြီး၊ အတိုက် အခံ လုပ်လို့ရတဲ့ အနေအထားမျိုးတော့ မရှိပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်ဆိုတာဟာ သဘာဝ ဓာတ်ငွေ့ထွက်တာ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံ တရုတ်ပြည်ကို တင်ပို့တဲ့ ပိုက်လိုင်း စတင်တဲ့ နေရာရှိ နေတာ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်မယ့် စီမံကိန်း ရှိနေတာ၊ နိုင်ငံတကာက စိတ်ဝင် စားပြီး မျက်လုံးဒေါင့်ထောက် ကြည့်နေတဲ့ ဘင်္ဂလီ-ရိုဟင်ဂျာ လူနည်းစု ပြဿနာ ရှိနေတာ စတဲ့ အချက်တွေကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဝင်စားဖို့ ကောင်းနေပါ လိမ့်မယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်နယ်နဲ့တိုင်း လွှတ်တော် သက်တန်းကာလ တွေတုန်းကတော့ စိတ်ဝင်စားစရာဆိုလို့ ဧရာဝတီတိုင်းတစ်ခုပဲ ရှိခဲ့တာပါ။ အဲဒီတုန်းက တိုင်းလွှတ်တော် ဥက္ကဋ္ဌဟာ ဦးဆန်းဆင့် ဖြစ်ပြီး ဝန်ကြီးချုပ်ကတော့ ဦးသိန်းအောင်ပါ။

လွှတ်တော်နဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပဋိပက္ခဖြစ်ကြပြီး လွှတ်တော်ဘက်ကနေ ဝန်ကြီးချုပ်ကို စွတ်စွဲပစ်တင် ဖြုတ်ချဖို့အထိ လုပ်ခဲ့တာ အားလုံး မှတ်မိကြပါလိမ့်ဦးမယ်။ ဒီပြဿနာထဲကို သမ္မတ ဦးသိန်းစိန်တို့လို ခေါင်းဆောင် တွေက ကြားဝင် နောက် ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ရာထူးပေးပြီး ရှင်းလိုက်ပါတယ်။ နောက်ပိုင်း သူရဦးရွှေမန်းရဲ့ အမာခံ လူလို့ဆိုနိုင်တဲ့ ဦးဆန်းဆင့်ကို သမ္မတ ဦးသိန်းစိန် အစိုးရက အရေးယူ ထောင်ချလိုက်သည်အထိ ကိုင်တွယ်ခဲ့တာပါ။

ဦးဆန်းဆင့် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကနေ ပြောင်းရွှေ့သွားပြီးနောက် ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေရဲ့ လှုပ်ရှားမှုတွေဟာ လုံးဝ စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ ရန်ကုန်တိုင်းလွှတ်တော်ဆိုရင် အများပြည်သူက ကန့်ကွက်လို့ ရပ်ထားလိုက်ရတဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ရန်ကုန်မြို့သစ် စီမံကိန်းလိုမျိုးကြီးကို တောင် နောက်ပိုင်း လူတွေ မမေ့တမေ့ အချိန် လွှတ်တော်က ပြန်အတည်ပြုပေးလိုက်သည် အထိ ရုပ်သေး လွှတ်တော် ဆန်ခဲ့တာပါ။

အခု သိပ်မကြာခင် အင်န်အယ်လ်ဒီ လွှမ်းမိုးတဲ့ ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွေကို မြင်တွေ့ ရပါတော့မယ်။ အင်န်အယ်လ်ဒီ လွှမ်းမိုးတဲ့ ပြည်နယ်နဲ့ တိုင်း ၁၂ ခုရဲ့ အခြေအနေကို မပြောနိုင်ပေ မယ့် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် လွှတ်တော်တွေကတော့ စိတ်ဝင်စားစရာ အလွန်ကောင်းနေမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly