တိုင်းရင်းသားများ ချစ်ကြည်စွာ နေထိုင်ခြင်းသည် ဒို့တာဝန်အရေးသုံးပါး ပင်ဖြစ်သည်ဟု သမ္မတကြီးပြော

တိုင်းရင်းသားများ ချစ်ကြည်စွာ နေထိုင်ခြင်းသည် ဒို့တာဝန်အရေးသုံးပါး ပင်ဖြစ်သည်ဟု သမ္မတကြီးပြော

ဖေဖော်ဝါရီလ ၁၂ ရက် ။              ။ မြန်မာနိုင်ငံအတွင်း အတူနေကြသည့် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်အသိအမှတ်ပြု လေးစားချစ်ကြည်စွာ နေထိုင်သွားခြင်းသည် ဒို့တာဝန်အရေး သုံးပါးကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသဝဏ်လွှာတွင် ထည့်သွင်းဖော်ပြသည်။

"တိုင်းရင်းသားအချင်းချင်း တစ်ဦး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကို တစ်ဦးက အလေးဂရုပြုခြင်း၊ တစ်ဦး၏ သမိုင်းကြောင်း အစဉ်အလာတို့ကို တစ်ဦးကလေးစားခြင်း၊ တစ်ဦး၏ ဘာသာစကားနှင့် စာပေကို တစ်ဦးက အသိအမှတ်ပြု လက်ခံခြင်းဖြင့် အပြန်အလှန်ဆက်ဆံနေထိုင်သွားကြမည်ဆိုလျှင် ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုများ ပိုမိုတိုးတက်ခိုင်မာလာမည်မှာ အမှန်ပင်ဖြစ်ပါသည်။"

"ထိုသို့ဆောင်ရွက်ခြင်းသည် ဒို့တာဝန်အရေး သုံးပါးတွင်ပါဝင်သည့် ပြည်ထောင်စုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်ကို ဆောင်ရွက်ခြင်းဟု အလေးအနက်ခံယူထား ရမည်ဖြစ်ပါသည်။" ဟု သဝဏ်လွှာ၌ ထည့်သွင်း ဖော်ပြထားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံသော ပြည်ထောင်စုစိတ်ဓာတ်၊ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ရပ်တည်ရှင်သန်စေခဲ့သည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်ဟုလည်း သမ္မတကြီးကထည့်သွင်းပြောဆိုသည်။

တိုင်းရင်းသားလူမျိုးစုံဖြင့် စုစည်းထားသည့် ပြည်ထောင်စုကြီးမှာ ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ဖြင့် သန္ဓေတည်ခဲ့သည်ဟု သတ်မှတ်ပြောဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required