ကျောက်စုပ်ယူခြင်းကြောင့် ကိုင်းကျွန်းနှင့် ကမ်းပါးပြိုသည်ကို ဒေသခံများ စိုးရိမ်နေ

ကျောက်စုပ်ယူခြင်းကြောင့် ကိုင်းကျွန်းနှင့် ကမ်းပါးပြိုသည်ကို ဒေသခံများ စိုးရိမ်နေ

ဘားအံ၊ ဖေဖော်ဝါရီ ၁၁။           ။ ဘားအံမြို့နယ်၊ ကျုံပိုက်ကျေးရွာနယ်နိမိတ် သံလွင်မြစ်ဘေး ယာကိုင်းကျွန်းအနီး ကပ်လျက်နေရာတွင် ကျောက်စုပ်ယူခြင်းကြောင့် ယာကိုင်းနှင့် ကျေးရွာလမ်းများ ပြိုမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံရွာသားများ ယာကိုင်းကျွန်းတွင် အသက်မွေးဝမ်းကြောင်းပြု ရာသီသီးနှံစိုက်ပျိုးလုပ်ကိုင်ခဲ့သည်မှာ အနှစ် ၂၀ နီးပါးကြာမြင့်ပြီဖြစ်ပြီး  ယခုလို ကျောက်စုပ်ယူခြင်းကြောင့် ရာသီ ကိုင်းကျွန်းပျောက်သွားမည်ကို စိုးရိမ်သောကြောင့် ကျောက်စုပ်ယူခြင်းကို ရပ်ပေးရန် ပြည်နယ်အစိုးရ အဖွဲ့ရုံးများနှင့် NLD ပါတီ ပြည်နယ်ဥက္ကဋ္ဌတို့ထံ တင်ပြ အကူအညီတောင်းခံထားကြောင်း သိရသည်။

“ကျွန်မတို့ ကိုင်းကျွန်းနားမှာ ကျောက်စုတ်တာ ရပ်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးတာ သုံးကြိမ်ရှိပြီ။ ရပ်ဆိုင်းပေးခြင်းမရှိဘဲ ရေအရင်းအမြစ်က ခွင့်ပြုချက်နဲ့ လုပ်တာ တိုင်ချင်တဲ့နေရာတိုင်လို့ အုပ်ချုပ်ရေးမှူး ဦးမွန်က ပြောလို့ အခုလို ဘားအံအစိုးရ အဖွဲ့ရုံးနဲ့ NLD ပြည်နယ် ဥက္ကဋ္ဌ တို့ကို တိုင်ထားတာပါ” ဟု ဒေသခံ ဒေါ်စမ်းသီတာဦးက ပြောသည်။

အဆိုပါ ကျုံပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမွန်က လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းများသည် ရေအရင်းအမြစ်နှင့် အစိုးရအဖွဲ့မှ ခွင့်ပြုချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်ဟု ပြောသည်။

“ကျေးရွာဖွံ့ဖြိုးရေးအတွက် အရင်က တစ်လ သုံးသိန်းပေးတယ်။ အခု စက်လှေ တစ်စီးကို ငါးထောင်၊ တစ်သောင်းရတယ်။ ပုံမှန်တော့ မရှိဘူး။ ဒီက ရလာတဲ့ ငွေတွေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ထားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမွန်က ပြောသည်။

အဆိုပါဒေသသို့ အမျိုးအသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်က ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဟု ပြောသည်။

“ပြိုစပြုနေတာလည်း တွေ့ရတယ်။ ရွာသားတွေအနေနဲ့ စိုးရိမ်တာပေါ့။ ဒီကျွန်းမှာ ရာသီကိုင်းအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလာတာ အနှစ် ၂၀ နီးပါးရှိပြီဆိုတော့ ကျွန်းပျောက်သွားမှာကို စိုးရိမ်တာပေါ့” NLD ပြည်နယ် ဥက္ကဋ္ဌက ပြောသည်။

ကျောက်စုပ်ယူခြင်းကို ဘားအံမြို့နယ် ဝန်းကျန်ကျေးရွာတွင် ဒေသခံရွာသားများမှ ကန့်ကွက်ခဲ့သဖြင့် လုပ်ငန်းရပ်ဆိုင်းသွားသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required