ထောင်တစ်သက်တစ်ကျွန်းကနေ လွှတ်တော်ထဲရောက်လာတဲ့အမတ်ရဲ့ ရင်ဖွင့်သံ

ထောင်တစ်သက်တစ်ကျွန်းကနေ လွှတ်တော်ထဲရောက်လာတဲ့အမတ်ရဲ့ ရင်ဖွင့်သံ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

၁၉၉၀ခုနှစ်တွင် လွိုင်ကော်မြို့၊ စစ်ခုံရုံးကနေ လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှုတို့ဖြင့် သေဒဏ်စီရင်ချက် ချမှတ်ခံရသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့ဝင်ဟောင်း ဦးအောင်ကျော်စိုး(ခ) ဖိုးခွားသည် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်ပြီးနောက် နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ နေပြည်တော်လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိတွင် အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်သော ဖိုးခွားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားပြုကာ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိလာသည့် အမတ်တစ်ဦးဖြစ်သည်။ NLDအမတ်တစ်ဦးဖြစ်လာရသည့်အကြောင်းရင်းအစမှာ ထောင်ထဲတွင် ရင်းနှီးခဲ့သော ကွယ်လွန်သွားပြီဖြစ်သည့် NLDနာယက ဦးဝင်းတင် ဖိတ်ခေါ်မှု၏ နောက်ဆက်တွဲလည်းဖြစ်သည်။ ထောင်ထဲတွင် ၂၁နှစ်ကြာ စစ်အစိုးရ၏ နှိပ်စက်မှုကို ခံခဲ့ရပြီးနောက် အမတ်တစ်ဦးဖြစ်လာသူ  ဦးအောင်ကျော်စိုး(ခ) ဖိုးခွား၏ ထောင်တွင်းအတွေ့အကြုံ၊ နိုင်ငံရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးအပေါ် ခံယူချက်၊ လွှတ်တော်ထဲကနေ လုပ်ဆောင်ရန်ပြင်ဆင်ထားမှု စသည်တို့ကို မဇ္ဈိမသတင်းဌာန၏ အကြီးတန်းသတင်းထောက်မင်းမင်းက သွားရောက်တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

မေး။ ။ ဦးအောင်ကျော်စိုးကို ကျွန်တော်သိထားတာ သေဒဏ်စီရင်ချက်ချခံရပြီး လွတ်ငြိမ်းချမ်းသာနဲ့ပြန်လွတ်လာတဲ့ တစ်ဦးတည်းသောအမတ်လို့ သိထားတယ်။ နိုင်ငံရေးလှုပ်ရှားမှုအကြောင်းလေး နည်းနည်းပြောပြပါလား။
ဖြေ။ ။ ကျွန်တော် ကယားပြည်နယ်၊ ၁၉၈၈ရဲ့ အထွေထွေသပိတ်ကော်မတီပေါ့လေ။ အဲ့မှာ ကျွန်တော်ပါခဲ့တယ်။ အာဏာသိမ်းတဲ့အချိန် ကျွန်တော်တောခိုတယ်ပေါ့။ ၁၈ရက်နေ့ အာဏာသိမ်းတယ်။ အဲ့ဒီညပိုင်း သပိတ်ကိုဝင်စီးတော့ ၁၉ရက်ကနေ တောခိုသွားတယ်။ တောခိုပြီးတော့ အခုလက်ရှိ ကယားပြည်နယ်နယ်စပ် မယ်ဟောင်ဆောင်နယ်စပ်ပေါ့လေ၊ အဲ့မှာရောက်သွားတဲ့အချိန်ကျတော့ ABSDFဖွဲ့တဲ့အချိန်မှာ အဲ့မှာ တပ်ဖွဲ့ဝင်တယ်။ အဲ့ဒီကနေမှ ၁၉၉၀မှာ ABSDFတာဝန်ပေးချက်အရ အနောက်ဖက်ကမ်းကို စည်းရုံးရေးသွားရင်းနဲ့ အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရပြီး ဘာမှုတွေစွဲလဲဆိုတော့ မတရားအသင်းဆက်သွယ်မှုပုဒ်မပေါ့လေ။ ဆယ်သွယ်ခြင်း၊ နောက် မတရားအသင်းအဖွဲ့ဝင်ပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ Imformerပေါ့လေ၊ အဲ့ဒါကို ပူးပေါင်းကြံစည်တဲ့အမှုနဲ့ ကျွန်တော့ကို တစ်ပေါင်းတည်း သေဒဏ်ပေးပါတယ်။ နောက်ပြီး ဒီမောဆို အ.ထ.က(၁)က လက်နှိပ်စက်သုံးလုံးကို ကျွန်တော်  တောထဲယူသွားတာ၊ အဲ့ဒီအတွက် သေဒဏ်အပြင် ထောင်(၅)နှစ်ပေါ့။ ၃၀ရက်၊ ၁၀လ၊ ၁၉၉၀မှာ ကျွန်တော်ထောင်ထဲရောက်တယ်။ ပြီးတော့မှ ၁၉၉၃ခုနှစ်၊ ၁လပိုင်း၊ ၁ရက်နေ့မှာ အမျိုးသားညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဆိုပြီးတော့ ကျွန်တော့ကို သေဒဏ်ကနေ တစ်သက်တစ်ကျွန်း၊ နှစ်လလောက်ကြာတဲ့အချိန်ကျတော့မှ တစ်သက်တစ်ကျွန်းကို နှစ်(၂၀)ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ အဲ့တော့ အားလုံးပေါင်း အစိတ်(၂၅နှစ်)ဖြစ်သွားတာပေါ့။ အစိတ်ကနေပြီးတော့မှ ၂၀၁၁ခုနှစ်၊ ၁၀လပိုင်း၊ ၁၂ရက်နေ့မှာ ကျွန်တော်ပြန်လွတ်လာတယ်။

 

မေး။ ။ အရင်တုန်းက နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်နက်ကိုင်ခဲ့တယ်။ အခု သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း ငြိမ်းချမ်းရေးက အပြည့်အဝမရသေးဘူး။ ငြိမ်းချမ်းရေးက ဘယ်လောက်အတိုင်းအတာထိ အရေးပါတယ်လို့ ခံယူထားလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးက ဘယ်လောက်အထိ အရေးပါတယ်လို့ ခံယူထားလို့တော့ ကျွန်တော့ဒေသထက်စာရင် ကချင်တစ်ခုကို ကျွန်တော်စံထိုးပြချင်တယ်။ ကျွန်တော်တို့ ကချင်က ၁၉၉၁လောက်မှာ ငြိမ်းချမ်းရေးယူတယ်ဗျ။ ဆယ်နှစ်ဝန်းကျင်လောက်ကြာပြီး ငြိမ်းချမ်းရေးပျက်တဲ့အချိန်မှာ သူတို့ဖွံ့ဖြိုးရေးတွေလုပ်ထားတာ အကုန်ပျက်ကုန်တယ်လေ။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းသွားလုပ်လို့ မရဘူးဗျ။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လို့ရတယ်။ ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နမူနာကောင်းယူစရာတစ်ခုပါ။ အဲ့ဒါကြောင့် နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာက ရှင်းရှင်းပြောမယ်ဆိုရင်တော့ သိပ်အဓိပ္ပာယ်မရှိဘူးဗျ။ ငြိမ်းချမ်းရေးမရသေးတဲ့အချိန်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးမဟုတ်ဘူးလို့ ကျွန်တော့အနေနဲ့ ခံယူထားတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းက အဓိကကျတယ်လို့ ကျွန်တော်ခံယူထားပါတယ်။

 

မေး။ ။ ဒါဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ NCAကို ဆရာအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ ABSDFအပါအဝင် (၈)ဖွဲ့လောက်ပဲ လက်မှတ်ထိုးသေးတယ်။ အကုန်မဟုတ်သေးဘူး။ တခြားအဖွဲ့တွေက ဘာကြောင့်လက်မှတ်မထိုးဘူးလို့ ထင်လဲ။
ဖြေ။ ။ သူတို့အဖွဲ့တွေ ဘာ့ကြောင့်မထိုးဘူးလည်းဆိုတာ ကျွန်တော့အနေနဲ့တော့ ဘေးလူအနေနဲ့ပြောဆိုဖို့ သိပ်မသင့်လျော်ဘူးလေ။ အဲ့ဒါကြောင့် မသုံးသပ်တာပဲ ကောင်းပါတယ်။

 

မေး။ ။ အရင်တုန်းက နိုင်ငံရေးယုံကြည်ချက်ကြောင့် လက်နက်ကိုင်ခဲ့တယ်။ နောက်တော့ အဖမ်းခံရတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေရတယ်။ ထောင်တွင်းအတွေ့အကြုံတွေလည်း တော်တော်ရှိခဲ့မှာပေါ့။ အခုက လွှတ်တော်နိုင်ငံရေးဘက်ကိုရောက်လာပြီဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘာတွေများ ပြောဖို့ဆိုဖို့ ရှိမလဲ။
ဖြေ။ ။ ဒီမိုကရေစီနိုင်ငံရေးကို လျှောက်လှမ်းမယ်ဆိုရင် ထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားမရှိသင့်ပါဘူး။

 

မေး။ ။ ထောင်ထဲမှာ ၂၁လောက်ကြာခဲ့တာဆိုတော့ အထဲမှာ အဆိုးဆုံးကြုံခဲ့ရတဲ့ အဖြစ်အပျက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ထောင်ထဲမှာ ကျွန်တော်ရောက်ပြီး တစ်နှစ်တောင်မပြည့်တပြည့်ကာလလေးမှာ ပရိတ်ကြီး(၁၁)သုတ်စာအုပ်ပေါ့။ ဗုဒ္ဓဘာသာစာအုပ်ပါ။ အဲ့ဒါကိုကျွန်တော့ ခိုးကျက်နေတဲ့ကာလမှာ မိသွားလို့ ကောင်းကောင်း အရိုက်ခံရတယ်။ နောက် ၁၉၉၂ကုန်လောက်မှာ ဦးကိတ္တိရဲ့ စူဌသောတပန်ဖြစ်ခန်းဆိုတဲ့စာအုပ်တွေ့လို့ ကောင်းကောင်းအရိုက်ခံရတယ်။ နောက်တစ်ခုကတော့ ဦးသိန်းစိန်အစိုးရတက်ပြီး ၂၀၁၁ခုနှစ်၊ မေလမှာ ကျွန်တော်တို့ ၅ရက်ကြာ အစာငတ်ခံဆန္ဒပြတယ်။ ကျွန်တော်တို့လိုချင်တဲ့အချက် ခြောက်ချက်တောင်းတဲ့အချိန်မှာ ၅ချက်ရတယ်ဗျ။ တစ်ခြားတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အကျဉ်းသားအခွင့်အရေးတွေပြန်ရဖို့တောင်းတာပေါ့။ ဒါတွေက မှတ်မှတ်ရရလေးတွေ ရှိပါတယ်။

 

မေး။ ။ ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရင် နိုင်ငံရေးအကျဉ်းသားတွေမရှိသင့်တော့ဘူးလို့ ခုနကပြောသွားတယ်။ အခုက လက်ပံတန်းမှာဖြစ်ခဲ့တဲ့ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက တစ်ရာနီးပါးရှိနေသေးတယ်ဆိုတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေ မရှိတော့ဖို့အတွက် လွှတ်တော်ထဲမှာ ဘာများ ပြောဖို့၊ ဆိုဖို့ရှိမလဲ။
ဖြေ။ ။ အခုနကကျွန်တော်ပြောသလိုပေါ့။ ဒီမိုကရေစီစနစ် တကယ်တမ်းသွားမယ်ဆိုရင် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားမရှိသင့်ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒီမိုကရေစီစနစ်ဆိုတဲ့ဟာမျိုးက အယူဝါဒတွေကွဲပြားနေတာကို စုစည်းညီညွတ်စွာနဲ့ လျှောက်လှမ်းတဲ့စနစ်လို့ ကျွန်တော်တို့ ခံယူထားတယ်။ ဘာတုန်းဆိုရင် အခုလက်ရှိ ကျွန်တော်တို့နိုင်ငံက ခုနက လက်ပံတန်းကျောင်းသားသပိတ်ကိစ္စလိုဆိုရင် ပညာရေးကိစ္စ၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးမှုနောက်ကျသလဲဆိုရင် ဒါအဓိကပဲ။ ပညာရေးက အဓိကကျတာပဲ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပညာရေးအစမ်းသပ်ခံဘဝနဲ့ ကြီးပြင်းလာတဲ့လူတွေ၊ အဲ့ဒီ အစမ်းသပ်ခံပညာရေးကိုလည်း စိတ်ကုန်လို့ ကျွန်တော်တို့ ပညာရေးဘက်ကို ဆုံးခန်းတိုင် မရောက်ခဲ့တဲ့လူတွေ ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားတဲ့ ကျောင်းသားလူငယ်တွေကို ထောင်ထဲထည့်တယ်ဆိုတာ ဒါဟာ အလွန်ဆိုးရွားတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒီမိုကရေစီစနစ်ကိုသွားမယ်၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေလည်း မရှိရဘူး။ ကျောင်းသားတွေကိုလည်း ထောင်ထဲထည့်စရာအကြောင်းမရှိပါဘူး။

 

မေး။ ။ အခုက အမတ်တစ်ယောက်ဖြစ်လာပြီဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအတွက်တင်မဟုတ်ဘဲ နိုင်ငံအတွက် ဘာလုပ်ချင်လဲ။
ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ကတော့ ကျွန်တော့ကိုယုံကြည်ပြီး မဲထည့်လိုက်တဲ့ မဲဆန္ဒရှင်တွေ ပြောခဲ့တာရှိပါတယ်။ ကျွန်တော့ဒေသမှာ အဓိကတော့ ငြိမ်းချမ်းရေးပေါ့ဗျာ။ ကျွန်တော့ဒေသမှာရှိတဲ့လူထုတွေ အရမ်းလိုချင်တာ။ ဘာကြောင့်လည်းဆိုတော့ နှစ်ပေါင်း(၆၀)လောက်က တောက်လျှောက်ထွက်ပြေးနေရတဲ့ ဒေသခံတိုင်းရင်းသားတွေအများကြီးလေ။ အခုအချိန်ထိ မူလရွာတွေလည်း ပြန်မနေရ၊ သူတို့သားသမီးတွေလည်း သူတို့ဒေသကိုပြန်မရောက်တာ နှစ်ပေါင်းမြောက်များစွာ ကြာနေပြီ။ ပြည်တွင်းစစ်ဒဏ်တွေက တော်တော်ခံခဲ့ရတာကိုး။ လူထုတွေ အလိုချင်ဆုံးဆန္ဒကလည်း ငြိမ်းချမ်းရေး၊ ကျွန်တော်ဖြစ်ချင်တာကလည်း ငြိမ်းချမ်းရေးပဲ။ အရင်ဆုံးလွှတ်တော်မှာအဆိုတင်မယ်ဆိုရင် ကျွန်တော့အနေနဲ့ ရည်မှန်းထားတာ ပေါ့လေ။

 

မေး။ ။ ပြုပြင်ပြောင်းလဲရေးလုပ်မယ့်အရပ်သားအစိုးရဆိုပြီးတက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်တယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ။ ကျွန်တော်မြင်တဲ့အတိုင်းအတာပြောရမယ်ဆိုရင် သူလုပ်နိုင်တဲ့အတိုင်းအတာတစ်ခုအထိပဲ လုပ်သွားတယ်လို့ မြင်တယ်။

 

မေး။ ။ နောက်တစ်ခုက ပြုပြင်ပြောင်းလဲရမယ်လို့ အားလုံးကလက်ခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့လေ။ ဒါကို ပြီးခဲ့တဲ့လွှတ်တော်ငါးနှစ်သက်တမ်းမှာလည်း ဘာမှထိထိရောက်ရောက် ပြောင်းနိုင်၊ ပြင်နိုင်တာမရှိဘူး။ ဒီအခြေခံဥပဒေအပေါ်သဘောထားက ဘယ်လိုရှိလဲ။
ဖြေ။ ။ အမှန်က ကျွန်တော့သဘောပြောရရင် အခြေခံဥပဒေပြုပြင်ပြောင်းလဲတာထက်စာရင် အသစ်ပြန်ရေးတာကောင်းပါတယ်။

 

မေး။ ။ NLDနဲ့က ဘယ်လိုချိတ်မိသွားတာလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ NLDထက် ကျွန်တော် ဦးဝင်းတင်နဲ့ တော်တော်ရင်းနှီးတယ်။ ထောင်ထဲမှာကတည်းကရင်းနှီးခဲ့တာဆိုတော့ ကျွန်တော်ထောင်ကလွတ်လာတော့ ကျွန်တော့ကို နည်းနည်းစကားပြောလာတယ်။ ကယားပြည်နယ်မှာ NLDကို ပြန်စုစည်းပေးပေါ့။ ကျွန်တော်လိုက်တွေ့ကြည့်သေးတယ်။ အဲ့တုန်းက တော်တော်ကြပ်တယ်။ ကြံ့ခိုင်ရေးပါတီတစ်ခုပဲ ရှိသေးတယ်။ ပြောရ၊ ဆိုရတာအဆင်မပြေတော့ ကျွန်တော်လည်း အဘ ဒီလို၊ ဒီလိုပဲ။ လွိုင်ကော်က NLDကတော့ သူတို့လှုပ်ရှားဖို့ အဆင်မပြေသေးဘူး။ ဘာလို့လည်းဆို ကျွန်တော်က နိုင်ငံရေးအတွေ့အကြုံက တောတွင်းနိုင်ငံရေးရှိတယ်၊ ထောင်တွင်းရှိတယ်။ မြေပေါ်နိုင်ငံရေးအတွေ့အကြုံက ရန်ကုန်တို့၊ မန္တလေးတို့ ကျွန်တော်အကုန်လုံး လိုက်လေ့လာတယ်။ ပြီးမှ လွိုင်ကော်ပြန်ရောက်တဲ့အချိန်မှာ ပါတီတွေ စလုပ်နေကြပြီ။ စလုပ်တော့ ပါတီလိုင်း ကျွန်တော်မဝင်သေးဘူး။ လူငယ်ကိစ္စတွေ လိုက်လုပ်တယ်။ လူငယ်တွေစုပြီးတော့ နိုင်ငံရေး၊ လူ့အခွင့်အရေးပေါ့ အဲ့ဒါတွေ သင်တန်းလုပ်တယ်။ လုပ်ရင်းနဲ့မှ ရွေးကောက်ပွဲမတိုင်ခင်လောက်မှာ ကျွန်တော့ကို စပြောတယ်ပေါ့လေ။ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ပေါ့။ ကျွန်တော်လည်း ပြန်စဉ်းစားဦးမယ်ဆိုပြီးမှ နောက်ဆုံး သူတို့နဲ့ ပြန်ညှိနှိုင်းပြီး ဝင်ပြိုင်ဖြစ်သွားတယ်။

 

မေး။ ။ နိုင်ငံရေးယုံကြည်ချက်နဲ့ လက်နက်လည်းကိုင်ခဲ့ပြီးပြီ၊ ထောင်လည်း နှစ်အကြာကြီးကျခဲ့ပြီးပြီ။ အဲ့ဒီတုန်းက နိုင်ငံရေးုယုံကြည်ချက်က ဘယ်လိုရှိခဲ့သလဲ။ အခုက လွှတ်တော်ဘက်ကိုရောက်လာပြီဆိုတော့ နိုင်ငံရေးခံယူချက်က ပြောင်းသွားပြီလား။ အရင်ကရော ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ ဟိုးအရင်တုန်းကတော့ ကျွန်တော်အရောင်ဆိုးမခံဘူးဆိုပြီး တောခိုသွားတာလေ။ တောထဲမှာ မျိုးစုံကြုံဖူးပါတယ်။ အဖွဲ့အစည်းတွေများစွာနဲ့၊ ကိုယ့်ဟာကိုယ်မှန်မယ်ထင်လို့ ရပ်တည်လာခဲ့တယ်။ အခုအချိန်မှာ ပါတီဆိုက်ဒ်ထဲရောက်လာတယ်ဆိုတော့ ကိုယ်ဘယ်လောက်ထိ ပြည်နယ်အတွက် အလုပ်ပြန်လုပ်ပေးနိုင်မလဲ။ ပြီးခဲ့တဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်ရှားမှုအနေအထားထက်စာရင် ဒီအတွင်းထဲမှာ ပိုလုပ်နိုင်မယ့်အနေအထားရှိမလားပေါ့။

 

မေး။ ။ အခုအစိုးရရဲ့ပေါ်လစီဖြစ်တဲ့ တိုင်းရင်းသားတွေနိုင်ငံရေးလုပ်ချင်ရင် လက်နက်စွန့်ဆိုတဲ့ကိစ္စကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ယုံကြည်လာရင် သူတို့စွန့်မှာပေါ့ဗျာ။ လက်ရှိအစိုးရအပေါ်မှာ မယုံကြည်ဘူးဆိုတာက လက်ရှိ၊ ပြီးခဲ့တဲ့အစိုးရတွေက တိုင်းရင်းသားတွေအပေါ်မှာ မယုံကြည်အောင်လုပ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်လေ။ လက်နက်စွန့်တဲ့အဆင့်အထိဆိုတာ ယုံကြည်မှုတစ်ခု တော်တော်လေးခိုင်မာမှရမယ်။ နောက်ပြီး တန်းတူရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကိစ္စရပ်တွေ ရှိတယ်လေ။ ရှင်းရှင်းပြောမယ်ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍကို အရင်ကထက် ပိုဦးစားပေးလာမယ်ဆိုရင်တော့ တမျိုးတဖုံပြောင်းလဲလာနိုင်ပါတယ်။

 

မေး။ ။ NLDအစိုးရကရော ဒီကိစ္စတွေကို လုပ်နိုင်မယ်ထင်လား။ လွယ်လွယ်နဲ့ ရပါ့မလား။
ဖြေ။ ။ ရှေ့လျှောက်ကြည့်ကြည့်လိုက်ပေါ့။ လာပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly