အပစ်အခတ်ရပ်စဲစာချုပ်မူကြမ်းလက်မှတ်ရေးထိုးရခြင်းမှာ နိုင်ငံရေးစစ်အရှိန်မြှင့်ခြင်းဖြစ်သည်ဟု ပဒိုမူတူးစေးဖိုးပြော

အပစ်အခတ်ရပ်စဲစာချုပ်မူကြမ်းလက်မှတ်ရေးထိုးရခြင်းမှာ နိုင်ငံရေးစစ်အရှိန်မြှင့်ခြင်းဖြစ်သည်ဟု ပဒိုမူတူးစေးဖိုးပြော
ဓာတ်ပုံ-Karen National Union HQ

ချင်းမိုင်၊ဖေဖော်ဝါရီ ၁၁။            ။ အစိုးရနှင့် အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း(NCA)ကို လက်မှတ် ရေးထိုးခြင်းသည် ပြည်တွင်း စစ်ဖြစ်ပွား လာခဲ့ရသော အခြေခံ အကြောင်းတရားများကို အဖြေရှာခြင်းနှင့် နိုင်ငံရေး စစ်ပွဲကို အရှိန်မြင့်တင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယနေ့ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့တွင် KNU ဥက္ကဌ ပဒိုမူတူးစေးဖိုး ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလကတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို လက်မှတ် ရေးထိုးခဲ့သော KNU ဥက္ကဌ ပဒိုမူတူးစေးဖိုးက ကရင်အမျိုးသားနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေးသည် ကရင်အမျိုးသားတို့၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေး ရည်မှန်းချက်များကို ပစ်ပယ်ထားခြင်း မဟုတ်ပေ။ မိမိတို့ ကရင်အမျိုးသားများ၏ လိုလားတောင့် တချက်များနှင့် နိုင်ငံရေး ရပ်တည်ချက်များကို တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်း စစ်ဖြစ်ပေါ်လာခဲ့ရသော အခြေခံအကြောင်း တရားများကို အဖြေရှာခြင်းပင် ဖြစ်ပါသည်။

သမိုင်းတလျှောက် ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများနှင့် ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကို သုံးသပ်ခဲ့ကြပြီး မိမိတို့ အမျိုးသားတို့၏ မျော်မှန်းလျှက်ရှိသော နိုင်ငံရေး ရည်မှန်းချက်များကို ရရှိရန် လုပ်ဆောင်ခြင်းပင် ဖြစ်ပါသည်။ နိုင်ငံရေး စစ်ပွဲကို အရှိန်မြင့်တင်နိုင်ရန် လုပ်ဆောင်ခြင်းတစ်ရပ်ဖြစ်ပါသည်။”ဟု ဥက္ကဌ၏ မိန့်ခွန်းတွင် ပြောဆိုထားသည်။

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းသည် တဘက်နှင့်တဘက်ကို အနိုင်ရရေးအတွက် မဟုတ်ဘဲ ပဋိပက္ခများ ဖြစ်ပွားလျှက် ရှိနေကြသော နှစ်ဦးနှစ်ဖက်မှ လက်ခံနိုင်သည့် အဖြေမှန်တစ်ခုကို ရှာဖွေထုတ်ဖော်နေခြင်း ဖြစ်ကြောင်း၊ကရင်အမျိုးသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြရန် လိုအပ်ပြီး တိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားများနှင့်အတူ ပြည်သူလထူတစ်ရပ်လုံး ပူးပေါင်း၍ နိုင်ငံရေး စစ်မြေပြင်တွင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းထားသည်။

“ဥက္ကဌ မိန့်ခွန်းမှာ ကရင်မျိုးနွယ်စုတွေ နိုင်ငံရေးအင်အားစုတွေ ပေါ်ပေါက်လာတဲ့အခြေအနေနဲ့ရှေ့ဆောင်ရွက်ရမဲ့ အခြေအနေ ဖောြ်ပထားတယ်။ အခုလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ပြီးနောက်ပိုင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးရသေးတာ မဟုတ်ဘဲနဲ့ ရှေ့ဆက် လက်နက်ကိုင် ပဋိ့ပက္ခ ထိတွေ့မှုတွေ မရှိတော့ဘဲနဲ့ နောင်သောအချိန်ကာလမှ ပိုပြီးအထူးသတိထားရမဲ့ အကြောင်းတွေ တိုက်တွန်းထားတယ်”ဟု KNU တွဲဘက်အတွင်းရေးမှူး (၁) ပဒိုသောသီဘွဲ့က မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရ သစ်အနေဖြင့် ဒီမိုကရေစီနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး စွဲကိုင်ထားသည့် ရည်မှန်းချက် တစ်ခုရှိနေသဖြင့် တိုင်းရင်းသားများ အားလုံးအတွက် တစ်စုံတစ်ရာ အကျုးိရှိမည်ဟု မျော်လင့်ကြောင်း သူက ပြောဆိုသည်။

“တိုက်ပွဲဝင်ရင်းနဲ့ လက်ရှိ ကျနော်တို့က အန်စီအေ စာချုပ်တော့ ရရှိခဲ့တယ်။ အဲဒီလို ရရှိခဲ့တဲ့အပေါ်မှာ လက်ရှိ ပေါ်လာမယ့်အစိုးရ ကလည်းဘဲ ကျနော်တို့ လက်ခံထားတဲ့ ဒီအန်စီအေကို ဘယ်လို ဆက်ကိုင်မလဲ။ ဘယ်လို နည်းနာမျိုးနဲ့ ကရင်အမျိုး သားနဲ့သော်လည်းကောင်း၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းနဲ့သော်လည်း အစိုးရက ဘယ်လို ဆက်သွယ်လာမလဲဆိုတာကိုတော့   စောင့်မျော်နေတာဘဲ”ဟု သူက ပြောသည်။

ယနေ့ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားများကို KNU ဗဟိုဌာနချုပ် အပါအဝင် ခရိုင် ၇ ခုတွင် ဟောပြောပွဲ အခမ်းအနားများ ကျင်းပခဲ့ကြသလို၊ ရန်ကုန်နှင့် ကရင်ပြည်နယ် ဘအံ့မြို့တို့တွင်လည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့သည်ဟု သိရသည်။

အလားတူ ယနေ့ ကျရောက်သော ၆၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အနယ်နယ် အရပ်ရပ်တွင် နေထိုင်နေသော ကရင် တိုင်းရင်းသား များအနေဖြင့် မိမိတို့၏ နေအိမ်များတွင် ကရင်အမျိုးသားအလံများ လွှင့်ထူရန်နှင့် ကရင်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ကြရန် KNU ဗဟိုဌာနချုပ်က စာထုတ်ပြန်ထားသည်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ကရင်လူမျိုး ၄ သိန်းကျော်သည် ကရင်ပြည် ချက်ချင်းပေး၊ ကရင် တစ်ကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိရုဏ်း အလိုမရှိ၊ ပြည်တွင်း စစ်အလိုမရှိ စသည့် ကရင် အမျိုုးသား များ၏ နိုင်ငံရေးလိုလားချက်များပါဝင်သော ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ် နိုဝင်ဘာက ကျင်းပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်ကို ကရင် အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags