ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လက်စတာ ခေါ်ယူ

ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လက်စတာ ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၂၇ ။   ။ လက်စတာအသင်းသည် ဂျာမန်ကလပ်မိန့်ဇ်အသင်းမှ ဂျပန်တိုက်စစ်မှူး အိုကာဇာကီကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ်ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ အိုကာဇာကီကို ပြောင်းရွှေ့ကြေးမည်မျှဖြင့် ခေါ်ယူခဲ့သည်ကိုမူ လက်စတာအသင်းက ဖော်ပြခြင်း မရှိခဲ့ပေ။

အိုကာဇာကီသည် ရောဘတ်ဟုချ်နှင့် ခရစ္စတီယန်ဖွတ်ရှ်တို့ ပြီးနောက်တွင် လက်စတာအသင်း၏ ရာသီသစ်အတွက် တတိယမြောက် ခေါ်ယူမှု ဖြစ်သည်။

လက်စတာအသင်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် အိုကာဇာကီက 'ဒီအသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ လက်စတာပရိသတ်တွေအတွက် တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး ဂိုးတွေအများကြီးသွင်းယူသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ကျွန်တော်ကြည့်ခဲ့ ပါတယ်။ လုံးဝမလွယ်ကူပါဘူး။ ပွဲတွေက အလွန်ခက်ခဲပါတယ်' ဟု ပြောသည်။

အိုကာဇာကီသည် ဂျပန်လက်ရွေးစင်အသင်းအတွက် ၉၃ ပွဲပါဝင်ကစားထားပြီး ၄၃ ဂိုးသွင်းယူထားသည်။ မိန့်ဇ်အသင်း တွင် နှစ်ရာသီကစားခဲ့ရာတွင်လည်း ပွဲ ၇၀ တွင် ၂၉ ဂိုးသွင်းယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဘွန်ဒက်စ်လီဂါတွင် ၁၂ ဂိုး သွင်းနိုင်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly