နည်းပြ လောရင့်ဘလန့်ကို ပီအက်စ်ဂျီအသင်း ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

နည်းပြ လောရင့်ဘလန့်ကို ပီအက်စ်ဂျီအသင်း ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

ပဲရစ်၊ ဖေဖော်ဝါရီ ၁၁ ။          ။ ပြင်သစ်လိဂ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းသည် နည်းပြလောရင့်ဘလန့်ကို ၂၀၁၈ ခုနှစ်အထိ ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အသက် ၅၀ အရွယ်ရှိ လောရင့်ဘလန့်သည် ပဲရစ်မြို့ခံအသင်းကို ၂၀၁၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး ယခုနှစ်ရာသီအကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည့်အတွက် ပီအက်စ်ဂျီအသင်းက စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် ဘလန့်က 'ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိပြီး သစ္စာရှိတဲ့အတွက် အသင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ဒီအသင်းကို စတင်ကိုင်တွယ်ခွင့်ရတဲ့ အချိန်ကတည်းက ဂုဏ်ယူခဲ့တာပါ။ ရည်ရွယ်ချက်ကြီးမားတဲ့ အသင်းမှာ အရည်အချင်းရှိတဲ့ ထိပ်တန်းကစားသမားတွေကို နည်းပြခွင့်ရလို့ ကျေနပ်မိပါတယ်။

ပီအက်စ်ဂျီအသင်းကို ပြင်သစ်ဘောလုံးလောကရဲ့ သံတမန်အဖြစ် ဆက်လက်ပြုလုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်' ဟု ပြောသည်။

ဘလန့်သည် ပီအက်စ်ဂျီအသင်းကို ပြင်သစ်လိဂ်အမှတ်ပေးဖလား ၂ ကြိမ်၊ ရှုံးထွက်ဖလား တစ်ကြိမ်နှင့် လိဂ်ဖလားနှစ်ကြိမ် ရယူပေးထားသည်။

ယခုရာသီတွင်လည်း ပီအက်စ်ဂျီအသင်းမှာ ပြင်သစ်လိဂ်တွင် ၂၅ ပွဲ ကစားပြီးချိန်၌ ရမှတ် ၆၉ မှတ်အထိ ရထားပြီး ဒုတိယနေရာမှ မိုနာကိုအသင်းကို ၂၄ မှတ်အထိ ဖြတ်ထားနိုင်သည်။

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required