လက်စတာအသင်း ချန်ပီယံဖြစ်ခဲ့ပါက သတ်မှတ်သည့် အပိုဆုကြေးငွေထက် ပိုမိုရရှိမည် မဟုတ်

လက်စတာအသင်း ချန်ပီယံဖြစ်ခဲ့ပါက သတ်မှတ်သည့် အပိုဆုကြေးငွေထက် ပိုမိုရရှိမည် မဟုတ်

လက်စတာ၊ ဖေဖော်ဝါရီ ၁၁ ။               ။ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါကလည်း မူလသတ်မှတ်ထားသည့် အပိုဆုကြေးငွေထက်ပိုမိုရရှိမည် မဟုတ်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသွားခဲ့သည်။

လက်စတာအသင်းသည် ယခု ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲကစားပြီးချိန်တွင် ရမှတ် ၅၃ မှတ်ရရှိထားပြီး အဆင့်တစ် နေရာတွင် ရပ်တည်လျက်ရှိသည်။ ပွဲစဉ် ၁၃ ပွဲကစားရန် ကျန်ရှိနေချိန်တွင် ဒုတိယနေရာမှ စပါးနှင့် တတိယနေရာမှ အာဆင်နယ်တို့ကို ၅ မှတ် ဖြတ်ထားနိုင်ပြီး စတုတ္ထနေရာမှ မန်စီးတီးထက် ၆ မှတ် အသာရလျက်ရှိသည်။

လက်စတာအသင်းပိုင်ရှင်များသည် ရာသီမစတင်မီကတည်းက ပရီးမီးယားလိဂ်တွင် အဆင့် ၁၂ နှင့်အထက် ရပ်တည်နိုင်ခဲ့ပါက အပိုဆုကြေးငွေအဖြစ် ပေါင် ၆ ဒသမ ၅ သန်း ပေးချေမည်ဟု စာချုပ် ချုပ်ဆိုထားသည်။

လက်စတာအသင်းပိုင်ရှင်များ၏ အပိုဆုကြေးသတ်မှတ်ချက်များမှာ တန်းဆင်းဇုန်၏အထက် အဆင့် ၁၇ ဖြင့် ရာသီပြီးဆုံးခဲ့ပါက ပေါင် ၃ ဒသမ ၅ သန်း၊ အဆင့် ၁၅ နှင့် ၁၆ တွင် ရပ်တည်ခဲ့ပါက ပေါင် ၄ ဒသမ ၅ သန်း၊ အဆင့် ၁၃-၁၄ တွင် ရပ်တည်ခဲ့ပါက ပေါင် ၅ ဒသမ ၅ သန်း၊ အဆင့် ၁၂ နှင့် အထက်တွင် ရပ်တည်ခဲ့ပါက ပေါင် ၆ ဒသမ ၅ သန်း သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

အပိုဆုကြေးငွေ ခွဲဝေရာတွင်လည်း ပွဲကစားရန် ရွေးချယ်ခံရသည့် ပထမ ၁၈ ဦးကို အဓိက ခွဲဝေပေးသွားမည် ဖြစ်သည်။ ထို့ကြောင့် ဂိုးသမား ရှမိုက်ကယ်၊ ဗာဒီနှင့် မော်ဂန်တို့ကဲ့သို့ ကစားသမားများမှာ ရာသီအဆုံးအထိ ဆက်လက်ကစားခွင့်ရခဲ့ပါက ပေါင် ၃၆၀,၀၀၀ အပိုဆုကြေး ရရှိမည် ဖြစ်သည်။

လက်စတာနည်းပြ ရာနီရေရီက ၎င်းအနေဖြင့် စာချုပ်ချုပ်ဆိုစဉ်က အသင်းပိုင်ရှင်များမှာ တန်းဆင်းရဖို့အထိ တွေးထားကြောင်း ဖွင့်ဟခဲ့သည်။

'ကျွန်တော် စာချုပ်မှာ လက်မှတ်ရေးထိုးစဉ်တုန်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ်လို့ လုံး၀ အယုံအကြည်မရှိခဲ့ပါဘူး။

ဒါပေမဲ့ စာချုပ်ချုပ်ရာမှာ ကျွန်တော့်အတွက် အလွန်ကောင်းတဲ့ အချက်နှစ်ချက်ရှိခဲ့ပါတယ်။ ပထမတစ်ချက်က- ပရီးမီးယားလိဂ်မှာ နောက်နှစ်ရာသီလောက် ရပ်တည်လိုပြီး အဲ့ဒီနောက်ပိုင်း ထိပ်ပိုင်းအဆင့်ကို ရောက်အောင်ကြိုးစားမယ်ဆိုတဲ့ အသင်းပိုင်ရှင်တွေရဲ့ ရည်ရွယ်ချက်ပါ။

ဒုတိယကတော့- တကယ်လို့ တန်းဆင်းသွားခဲ့ရင်လည်း လက်စတာနဲ့အတူ ချန်ပီယံရှစ်မှာ နည်းပြပေးနိုင်မလားဆိုတဲ့ တောင်းဆိုချက်ပါ။ အိုကေ၊ နည်းပြပေးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်' ဟု ရာနီရေရီက ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required