ချိနဲ့လွန်းလှတဲ့့ တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်ကြံ့ခိုင်ရေး

ချိနဲ့လွန်းလှတဲ့့ တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်ကြံ့ခိုင်ရေး

ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ကျောင်းသားများ တရားစွဲဆိုခံရ၊ အချုပ်အနှောင်ခံထားရတာ ၁၁ လကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီကြားထဲ ရုံးထုတ် စစ်ဆေးခဲ့တာကလည်း(၃၈)ကြိမ် ရှိပြီဖြစ် ပါတယ်။အခုနောက်ဆုံး တကြိမ်ဖြစ်တဲ့ ရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ တရားသူကြီးနဲ့ ဖမ်းဆီးတရားစွဲဆိုခံရ ကျောင်းသားများ အပြန်အလှန် ငြင်းခုန်ပြောဆိုရင်း တရားသူကြီးက စိတ်ဆိုး စိတ်ကောက် ကာ ဆက်လက်စစ်ဆေးခြင်းမပြုပဲ စစ်ဆေးမှုကို ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုလ ၁၆ ရက်နေ့ကို ရုံးချိန်းသတ်မှတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို စဉ်းစားရင် တရားသူကြီးအနေနဲ့ စိတ်ဆိုးစိတ်ကောက်ရတဲ့ အကြောင်းရင်း က ဘယ်အရာပေါ်မှာမူတည်ပြီး ဖြစ်ခဲ့တာလဲ။ ကျောင်းသားတွေက ပြန်လှန်မေးခွန်းတွေ မေးကြမြန်း ကြတာ ကိုပဲ သီးမခံနိုင်လို့ စိတ်ဆိုးသွားတာလား။ ဒါမှမဟုတ် ဘယ်အကြောင်းအရာကြောင့် ဒီလိုဖြစ်ရ တာလဲ။ ဝေဖန်မှုတွေကို လေ့လာကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်သံတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဝေဖန်သံတစ်ခုကတော့ အဲဒီအချိန်တုန်းက တရားသူကြီးဟာ ကျောင်းသားတွေရဲ့ ပြန်လှန်မေးခွန်းတွေ ငြင်းခုန်မှုတွေအပေါ် စိတ်ရှုပ်ထွေးခဲ့တာ ဖြစ်တဲ့ နည်းတူူ လက်ရှိ တရားရေးဌာန ဖြစ်သန်းနေရတဲ့ တရားရေးဌာနအကြပ်အတည်းအပေါ် စိတ်ရှုပ်ထွေးမှုကို မခံမရပ်နိုင်လို့ တရားစစ်ဆေးမှုကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင် တယ်ဆိုတဲ့ ဝေဖန် သံပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တရားရေးဌာနဖြတ်သန်းနေရတဲ့ အကြပ်အတည်းဆိုတာ ဘာလဲလို့ မေးစရာ ရှိလာ ပါတယ်။ သာမာန်ပြည်သူတွေရဲ့ အသိမှာတော့ ငွေများ တရားနိုင်ဆိုတဲ့ခေတ်ဟာ လက်ရှိခေတ်ဖြစ် တယ်လို့ မြင်ကြ ပြောကြတာကိုလည်း အကြပ်အတည်းဆိုတဲ့ခေါင်းစဉ်အောက် ထည့်စဉ်းစားကြရမှာ ဖြစ်ပါတယ်။ နောက်ထပ် စဉ်းစားရမယ့်အချက်က နိုင်ငံရေးခေါင်းဆောင် တစ်ဦးပြောခဲ့တဲ့ စကားဖြစ်ပါ တယ်။ သူပြောခဲ့တာကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး အကောင်းဆုံးလုပ်ငန်းဟာ တရားရေးဌာန ဖြစ်တယ်ဆိုတဲ့ စကားပါပဲ။

ဒါ့အပြင် မိမိတို့နိုင်ငံမှာ အများပြည်သူ ထင်ထားတာကတမျိုး၊ တရားရုံးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကတမျိုး ဖြစ်နေတာမျိုးတွေ၊ ရာဇဝတ်မှုလို အမှုမျိုးတွေမှာ စစ်ဆေးမှုမြန်ဆန်ပြီး နိုင်ငံရေး အမှုတွေမှာ ဘာကြောင့်ရယ်မသိ အချိန်ဆွဲပြီး စစ်ဆေးနေခြင်းမျိုးတွေနဲ့ လူတစ်ယောက်ကို တနေရာ ထဲက ပုဒ်မတစ်ခုနဲ့ တရားစွဲဆိုထားတဲ့ကြားက နေရာ လေးငါးခြောက်ခုကနေ ပုဒ်မတပ် ထပ်မံတရားစွဲ ဆိုမှုကို တရားရုံးက လက်ခံထားတာမျိုး၊ တရားရုံးအမျိုးမျိုး ပြောင်းရွှေ့စစ်ဆေးပြီး တရားရင်ဆိုင်နေ ရသူတွေ မလိုအပ်ပဲ ဒုက္ခဖိစီးခံရတဲ့အခါ၊ အကျဉ်းထောင်တွေအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိတဲ့အခါ တရားရုံးက ဘယ်လိုမှ အကာအကွယ်မပေးနိုင်တာမျိုးတွေဟာ စဉ်းစားရခက်တဲ့ လွဲချော်မှု တွေဖြစ်တယ်လို့ ယူဆကြပါတယ်။

တခါတုန်းက ရုံးချိန်းတွေမှာ ဘာမှဟုတ်တိပတ်တိ စစ်ဆေးခြင်းမရှိပဲ ရုံးချိန်းအကြိမ်ကြိမ်ပေးပြီး အချိန်ဆွဲနေတဲ့သဘော ရှိတဲ့အခါ တရားခံအဖြစ်စွပ်စွဲခံနေရတဲ့သူက တရားရုံးထဲမှာပဲ သူ့ကို စီရင်ချက် မချပဲ အချိန်ဆွဲနေခြင်းဟာ တစ်စုံတစ်ယောက်ဒါမှမဟုတ် တနေရာရာက ဘယ်လိုဘယ်လောက် အမိန့်ချလိုက်ဆိုတဲ့ ညွှန်ကြားချက်ကို စောင့်နေရလို့လားဆိုပြီး တရားသူကြီးိကို မေးခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက် ဟာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူအများ သင်္ကာမကင်းဖြစ်စရာ တရားရုံး များရဲ့ အားနည်းချက်ကြီးကို ဖေါ်ပြသလိုဖြစ်ခဲ့ပါတယ်။

အမှန်တကယ်တော့ တရားဥပဒေစိုးမိုးမှု ချိနဲ့နေရခြင်းဟာ တရားမျှတမှု ချိနဲ့နေခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။ တရားမျှတမှု မရှိတဲ့အနေအထားဝန်းကျင်မှာ မှန်ကန်အားကောင်းတဲ့ တရားဥပဒေ ဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကြောင့်မို့ မိမိတို့နိုင်ငံ တရားရုံးများအနေနဲ့ ဥပဒေစိုးမိုးမှု ရှိကြောင်း လက်မထောင်ပြီး ပြသနိုင်ဖို့ ပြုပြင်ပြောင်းလဲသွားကြဖို့ လွန်စွာ အရေးကြီးကြောင်း တင်ပြ လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly