အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဦးဆုံးဖြေရှင်းနိုင်လိမ့်မည်ဟု ဂျာမန်သံအမတ်ပြော

အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဦးဆုံးဖြေရှင်းနိုင်လိမ့်မည်ဟု ဂျာမန်သံအမတ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံအမတ်ကြီး နှင့် မဇ္ဈိမ သီးသန့်အင်တာဗျူး

အပိုင်း (၂)

မဇ္ဈိမ- တာဝန်ကုန်ဆုံးတော့မယ့် သမ္မတဦးသိန်းစိန် ဥရောပကိုအလည်အပတ်သွားရောက်တဲ့အခါ ပထမဆုံးသွား ရောက်တဲ့နိုင်ငံထဲမှာ ဂျာမဏီနိုင်ငံပါပါတယ်။ ဂျာမဏီနဲ့မြန်မာနိုင်ငံဟာ စစ်တပ်ချင်းအပါအဝင် အလွန်ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်။ အခုဒီမှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ်မှာ သံအမတ်ကြီးတို့ အနေနဲ့ သြဇာရှိပါသလား။ အထူးသဖြင့်တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာပေါ့။

ဂျာမဏီသံအမတ်ကြီး- ဒါဟာ ကျနော်တို့ကသြဇာရှိအောင်လုပ်နေတာမဟုတ်ပါဘူး။ ကျနော်တို့က နိုင်ငံခြားသားမိတ်ဆွေတွေပါ။ ကျနော်တို့ကို အကြံဉာဏ်တောင်းရင်ပေးတာပဲ ရှိပါတယ်။ မှန်ပါတယ်။ အဲဒီထဲမှာ စစ်ရေးကိစ္စတွေလည်းပါပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း လူကိုယ်တိုင်တွေ့ဆုံ စကားပြောပါတယ်။ အမျိုးသားပြန် လည်သင့်မြတ်ရေးမူဘောင်အောက်မှာ အရပ်သားအစိုးရနဲ့ပူးပေါင်းလုပ်ကိုင်ဖို့ သူတို့ကို ကျနော်တို့က အမြဲတမ်းအားပေးပါတယ်။ ကျနော်လေ့လာအကဲခတ်မိသလောက် အခုလောလောဆယ်မှာ အားလုံးတကယ့်ကို ချောချောမွေ့မွေ့ပဲလို့ ကျနော်ထင်ပါတယ်။ နှစ်ဘက်လုံးကို အပေးအယူ အလျော့အတင်းလုပ်ကြဖို့ ကျနော်တို့အကြံပေးပါတယ်။

ဘာလို့လဲဆိုတော့ ရေရှည်မှာ တပ်မတော်ဟာလဲ တခြားနိုင်ငံတွေမှာလိုပဲ စစ်မှန်တဲ့ တာဝန်ဖြစ်တဲ့တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုယူရမှာ။ ဒီတော့ခေတ်မီအောင်လုပ်ထားဖို့လိုတယ်။ တပ်က စစ်တန်းလျားပြန်ဖို့ဆိုတာ ကြိုတင်စည်းကမ်းချက်တွေထဲက တခုက ထာဝရငြိမ်းချမ်းရေးရဖို့လိုတယ်။ ထာဝရပြည်တွင်းငြိမ်းချမ်းရေးရဖို့လိုတယ်လို့ပြောချင်ပါတယ်။ ဒီနိုင်ငံရဲ့ပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပဋိပက္ခဖြစ်ပါတယ်။ ဒီတော့နောက်တက်မယ့် အစိုးရဟာ ဒီဟာကိုပထမဦးစားပေးအနေနဲ့ လုပ်ကိုင်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

အချိန်တော့ယူရပါမယ်။ ကျနော်တို့မှာမဟာဗျူဟာမြောက်စိတ်ရှည်မှုရှိဖို့လိုပါတယ်။ ဒါပေမဲ့ဖြစ်စဉ်ရဲ့ အစကနဦးမှာတော့ ခေါင်းဆောင်မှုနဲ့လမ်းညွှန်မှုကို ခင်ဗျားလိုမှာပါ။

မဇ္ဈိမ - မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဟာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေး ဒါမှမဟုတ် အဓိကစီးပွားရေးလုပ် ငန်းဖြစ်ပေမယ့် ကြိုးစားရုန်းကန်နေရပါတယ်။   မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို တည်ဆောက်ဖို့ ခိုင်မာအောင်လုပ်ဖို့ ထောက်ပံ့ဖို့ ဂျာမဏီကဘာများလုပ်ပေးနိုင်ပါသလဲ။

ဂျာမဏီသံအမတ်ကြီး - ဟုတ်ပါတယ်။ ရှိပါတယ်။ ကိစ္စအတော်များများက ကျနော့်အနေနဲ့ပြောရရင် မြန်မာအစိုးရ ကိုယ်တိုင်ဖြေရှင်းရမယ့် အမျိုးသားပြဿနာတွေပါ။ ဒီပြဿနာတွေနဲ့ဆိုင်တဲ့ မြေယာပိုင်ဆိုင်မှု၊ ဒါမှမဟုတ် မြေယာဥပဒေ ဒီလိုကိစ္စတွေမှာ ကျနော်တို့ဘာမှဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ ထုတ်လုပ်မှုပိုကောင်းလာအောင်အဆင့်မြှင့်လို့ရတယ်။ ဒါဥပမာတခုပေါ့။ နိုင်ငံခြားသားဘက်ကအမြင်နဲ့ပြောရင် ကျနော့်နိုင်ငံက ဆိုပါတော့ တယောက် နှစ်ယောက်လာပြီး ဒီမှာဘာဝယ်လို့ရမလဲ ငါးဖြစ်ဖြစ် လယ်ယာထွက်ကုန်ဖြစ်ဖြစ် လာကြည့်မယ်။ ဒါပေမဲ့ ဒီမှာဝယ်ပြီး ဥရောပကိုပို့မယ်ဆိုရင် နိုင်ငံတကာစံချိန်စံညွှန်းတွေမှီဖို့လိုတယ်။ အရည်အသွေးအရ ကျန်းမာရေးအရ စံချိန်မီဖို့လိုတယ်။ ဒီတော့ဒါကထုတ်လုပ်မှုကစတာပဲ။ ပြီးရင် ထုပ်ပိုးမှု၊ ပြီးရင် ထောက်ပံ့ပို့ဆောင်ရေးအပိုင်း သယ်ယူပို့ဆောင်ရေး စတာတွေပေါ့။ ကျနော်အရမ်းလန့်ဖျပ်သွားတယ်တော့ မပြောပါဘူး။ ဒါပေမဲ့ ကျနော်နည်းနည်းတော့ အမြဲတမ်းစိတ်မကောင်းဖြစ်မိတာတခုရှိတယ်။ ဒီကကုန်တိုက်ကြီးတွေသွားရင် သိပ်ကိုရိုးစင်းတဲ့ လယ်ယာထွက်ကုန် ဥပမာ ငြုပ်သီးလိုဟာမျိုးကို တခြား နိုင်ငံကတင်သွင်းပြီးရောင်းနေတာတွေ့တယ်။ ဒီမှာစိုက်လို့ရတာပဲ ကိုယ့်ခြံထဲတောင်ကိုယ်စိုက်ထားလို့ ရတာပဲ။ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထုပ်ပိုးမှုကစကားပြောသွားတာပဲ။ ဒီတော့ဒီမှာလုပ်နိုင်တာတွေအများကြီးရှိတယ်။ ဒီနိုင်ငံမှာအားသာချက်တွေ အများကြီးရှိတယ်လို့ကျနော်ထင်တယ်။ နိုင်ငံအရွယ်အစားနဲ့နှိုင်းစာရင်လူဦးရေနည်းတယ်။ တခြားနိုင်ငံတွေကဒီလိုမဟုတ်ဘူး။ လူဦးရေမတန်တဆတိုးပွားနေတာ။ တရုတ်လို နိုင်ငံကြီးတခုမှာတောင် စိုက်ပျိုးရေးအတွက်မြေသြဇာကောင်းတဲ့မြေသိပ်မရှိဘူး။ ဒီမှာတော့ရှိတယ်။ မူအရ ပြောရင် ကိုယ်စားနိုင်တာထက်အများကြီးပိုထုတ်နိုင်တယ်။ ဆိုလိုချင်တာ အိမ်နီးချင်းနိုင်ငံတွေကို ပြန်ရောင်းနိုင်တယ်။ အိမ်နီးချင်းနိုင်ငံအတော်များများက ဒီလိုအားသာချက်တွေမရှိဘူး။ ဒီတော့ သဘာဝသယံဇာတ ပြီးရင် စိုက်ပျိုးရေးကလည်း ကြိုးစားလုပ်ကိုင်သင့်တဲ့အရာလို့ကျနော်ထင်ပါတယ်။

မဇ္ဈိမ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ ဂျာမန်မြန်မာဆက်ဆံရေးအပေါ် သံအမတ်ကြီး ဘာတွေမျှော်လင့်ထားပါသလဲ။

ဂျာမဏီသံအမတ်ကြီး- ဆက်ဆံရေးကိုဆက်လုပ်သွားမှာပါ၊ ဆက်ဆံရေးကောင်းကိုနောက်ထပ်တိုးတက်အောင်ကျနော်တို့ ဆက်လုပ်သွားမှာပါ။ ကျနော်တို့က အကူအညီပေးဖို့ အမြဲတမ်းကမ်းလှမ်းနေတာပါ။ ဥပမာပြောရရင် ဖွံ့ဖြိုး ရေးအကူအညီမျိုးပေါ့။ ဒါမျိုးကဆက်လုပ်သွားမှာပါ။ ပိုတောင်တိုးလာနိုင်ပါတယ်။ ဒါပေမဲ့ကျနော်တို့ မူက တောင်းမှပေးပါတယ်။ အတင်းအကြပ်မပေးပါဘူး။ ဒီနေရာလေး ဟိုနေရာလေး ခင်ဗျားတို့မကူညီနိုင်ဘူးလားဗျာလို့ အစိုးရကမေးလာရင် ကျနော်တို့က ဘယ်နည်းနဲ့ကူညီနိုင်မလဲဆိုတာ အမြဲတမ်းစဉ်းစားပြီး ဝမ်းမြောက်ဝမ်းသာကူညီပါတယ်။ ဥပမာပြောရရင် ဖက်ဒရယ်နိုင်ငံထူထောင်ရေးလိုပေါ့။ အခုဖက်ဒရယ် အကြောင်းပြောကြစို့ဆိုရင် ဖက်ဒရယ်ကပုံစံအမျိုးမျိုးရှိတယ်။ မလေးရှားပုံစံ အမေရိကန်ပုံစံ အမျိုးမျိုးရှိ တယ်။ ဒီတော့ကျနော်တို့ဖက်ဒရယ်အကြောင်းလည်း ရှင်းပြဖို့ အဆင်သင့်ပါပဲ။ ဘယ်နေရာမှာကောင်းတယ် ဘယ်နေရာမှာ သိပ်မကောင်းဘူးဆိုတာတွေ ပြသဖို့ ကျနော်တို့အဆင်သင့်ရှိပါတယ်။ ဒီလိုပဲ နိုင်ငံရေး နဲ့ ပတ်သက်လို့ စီးပွားရေးနဲ့ပတ်သက်လို့လည်း ကျနော်တို့မှာ အကြံပေးစရာတွေရှိပါတယ်။ ဘာလို့လဲဆို အခု အစိုးရသစ်တက်လာတော့မယ် ဒါပေမဲ့ နိုင်ငံကလည်း အရင်နိုင်ငံ၊ လူထုကလည်းအရင်လူထုပဲ။ အထင်မသေးပါနဲ့။

မဇ္ဈိမ-  သံအမတ်ကြီး ဒီမှာ ၂၀၁၁ ခုနှစ်စက်တင်ဘာလထဲကရောက်နေတာဆိုတော့ အခုထိ သံအမတ်ကြီး ကြုံခဲ့ရတာတွေထဲက ဘာတွေများအထူးပြုပြောချင်ပါလဲ။

ဂျာမဏီသံအမတ်ကြီး - ဟုတ်ကဲ့ အကြီးမားဆုံးအထူးပြုပြောချင်တာကတော့ ၂၀၁၄ ခုနှစ်ကကျနော်တို့ သမ္မတအလည်အပတ် လာရောက်ခဲ့တာပါပဲ။ ဒါကျနော်တို့နှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည်ထူထောင်ရာမှာ အရေးကြီးတဲ့ အဓိက ကျတဲ့ခြေလှမ်းတရပ်ပါပဲ။ ဒုတိယထူးခြားတာကတော့ တနှစ်စောပြီး ၂၀၁၄ နှစ်ကုန်က ဂျာမန်ရော့ခ်ဂီတ နာမည်ကြီးအဖွဲ့လာပြီး လေဟာပြင်ဂီတပွဲတပွဲဖျော်ဖြေပေးသွားခဲ့တာပါပဲ။

မဇ္ဈိမ- ယဉ်ကျေးမှုနဲ့ပတ်သက်လို့ မြန်မာ့ယဉ်ကျေးမှုကို သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။ သံအမတ်ကြီးက နိုင်ငံအများအပြားရောက်ခဲ့ပြီးပြီဆိုတော့  မြန်မာ့ယဉ်ကျေးမှုကို ဘယ်လိုများမြင်ပါသလဲ။

ဂျာမဏီသံအမတ်ကြီး-  မြန်မာ့ယဉ်ကျေးမှုက တခြားနိုင်ငံတွေနဲ့မတူပါဘူး။ တခြားနိုင်ငံတွေက ယဉ်ကျေးမှုမှာပါတာတွေလည်း တွေ့ နိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုအပါအဝင်ပေါ့။ ဒါပေမဲ့ဒီလိုရောစပ်ထားတာက အထူးပုံစံဖြစ်နေတာ၊ ကိုယ်ပိုင်ဟန်ဖြစ်နေတာ ဒါကမတူပါဘူး။ ကျနော်အာရှနိုင်ငံအတော်များများမှာ တာဝန်ကျဖူးပါတယ်။ ဒီမှာ ကစစ်မှန်မှုရှိပါတယ်။ တခြားဟာတွေအပြင် သိပ်ထင်ရှားတာက လူမျိုးပေါင်းစုံနေထိုင်တာ တိုင်းရင်းသား အစုံရှိတာပါပဲ။ ဒါပေမဲ့အားလုံးမှာတူညီတာတခုရှိတယ်။ ယဉ်ကျေးမှုက ဘာသာရေးနဲ့ဆက်စပ်နေပြီး သိပ်ကိုနက်ရှိုင်းပါတယ်။ လူတွေကြားထဲမှာ နက်နက်ရှိုင်းရှိုင်းရှိနေတာပါ။ ဒီနိုင်ငံသားတွေက အစားအသောက် တခုထဲအလေးထားတာမဟုတ်ဘူး ယဉ်ကျေးမှုကိုလည်း အလေးထားတယ်။ ဒါသိပ်အရေးကြီးပါတယ်။ လူတွေ စာဖတ်ကြတယ်။ စာအုပ်နဲ့ဖတ်ဖတ် အွန်လိုင်းကဖတ်ဖတ် အရေးမကြီးပါဘူး။ ဖတ်ပြီးတော့ ငြင်းခုံဆွေးနွေးကြတယ်။ ဒီယဉ်ကျေးမှုဟာ တကယ့်ကိုဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အခုနောက်တဖန်ပြန်လည်နိုးထလာပြန်ပါပြီ။

ပြီးပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly