ချင်းအမျိုးသားတပ်ဦး (CNF)၏ လေးနှစ်တာသက်တမ်းအတွက် ခေါင်းဆောင်သစ် ပြန်လည်ရွေးချယ်

ချင်းအမျိုးသားတပ်ဦး (CNF)၏ လေးနှစ်တာသက်တမ်းအတွက် ခေါင်းဆောင်သစ် ပြန်လည်ရွေးချယ်
ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဋ္ဌသစ် ပူးဇင်ကျံုး။ (ဓာတ်ပုံ- အီးပီအေ)

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၀ ။             ။ ချင်းအမျိုးသားတပ်ဦး(CNF)၏ ထိပ်ပိုင်းခေါင်းဆောင်များကို ၎င်းတို့၏ ဆဋ္ဌမအကြိမ်ညီလာခံတွင် ပြန်လည် ရွေးချယ်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ လေးနှစ်သက်တမ်းအတွက် ပုဂ္ဂိုလ်တွေရွေးချယ်တယ်။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လို့ ချင်းအမျိုးသားထု အတွင်းမှာ ဘုံရပ်တည်ချက် ရရှိရေးအတွက် ဆောင်ရွက်ဖို့ အဓိက နှစ်ရပ်ကို ဆုံးဖြတ်ထားတယ်”ဟု CNF ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက မဇ္ဈိမကို ပြောသည်။

လာမည့် ၄ နှစ်သက်တမ်းအတွက် CNF အထွေထွေ အတွင်းရေးမှူး ပူးဇင်ကျုံးကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး ဒုဥက္ကဋ္ဌ(၁) ပူးထန်နန်လျန်ထန်(Pu Thang Nang Lian Thang)၊ ဒုဥက္ကဋ္ဌ(၂)ကို ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် (Dr Salai lian Hmung Sahkong) ဒု ဥက္ကဋ္ဌ (၃)အဖြစ် ပူးထန်နိမ်ကီး (Pu Thang Ning Kee )တို့ကို ရွေးချယ်ခဲ့သည်။

CNF ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆလိုင်းထလာဟေး(Salai Thaia Hei) ၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး (၁)အဖြစ် ဒေါက်တာ ရွှေခါး (Dr Sui Khar)၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး(၂)အဖြစ် Pu Khau UK lian ၊ လက်ထောက် အထွေထွေ အတွင်းရေးမှူး(၃)အဖြစ် Pu Thet Ni တို့ အပါအဝင် ဗဟိုကော်မတီဝင် ၄၅ ဦးအား ရွေးချယ် တင်မြှောက်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော ချင်းအမျိုးသားတပ်ဦး(CNF)၏  ညီလာခံတွင် ခေါင်းဆောင်ရွေးချယ်မှုအပြင် ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ချမှတ်သွားရန် သဘောတူညီမှု ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ အန္ဒိယနယ်စပ် ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သော ချင်းအမျိုးသားတပ်ဦး၏ ညီလာခံတွင် လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာသွားရန် သဘောထားချမှတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ ရက်စွဲပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ အစုအဖွဲ့ အသီးသီးတွင် ပါဝင်ကြသော ချင်းအမျိုးသားများအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တင်သွင်းမည့် အဆိုပြုလွှာများနှင့် ပတ်သက်၍ ချင်းအမျိုးသားတို့၏ ဘုံရပ်တည်ချက် ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် တညီတညွတ်တည်း သဘောညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်များ ရရှိရန်အတွက် CNF နှင့် လူထု တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ချင်းအမျိုးသားညီလာခံ ကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကာ ဘုံရပ်တည်ချက် ရေးဆွဲသွားမည် ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးက ပြောသည်။

“အခုက အစုအဖွဲ့နဲ့တက်ရမှာကိုး။ ကျနော်တို့ လူထုဆီကနေ သူတို့ အမြင်တွေ ယူဆချက်တွေ ယူနိုင်ဖို့ လူထုတွေ့ ဆုံဆွေးနွေးပွဲတွေ ယူပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးမဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ သူတို့အမြင်တွေ ယူမယ်။ ပြီးရင် လူထုနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲကြီး ချင်းအမျိုးသားညီလာခံလို လုပ်ပြီးတော့ ဘုံရပ်တည်ချက်ရအောင် ကျနော်တို့ လုပ်သွားပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တင်ပြမယ်”ဟု ၎င်းက ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားတို့၏ ကိုယ်ပိုင် ပြဌာန်းခွင့် ပြန်လည် ရရှိရေးတို့အတွက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်နိုင်ခဲ့သည်နှင့် အညီ ချင်းအမျိုးသားတစ်ရပ်လုံးမှလည်း ချင်းအမျိုးသားတပ်ဦးနှင့်အတူ ပါဝင်လက်တွဲ လုပ်ဆောင်ကြပါရန် တိုက်တွန်းထားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး ပါဝင်လာေရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထု့ိပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် နယ်စပ်ဒေသတစ်လျှောက်တွင် ရခိုင်တပ်မတော်(AA)၏ စစ်ရေးလှုပ်ရှားမှုကြောင့် လူမှုဒုက္ခ အထွေထွေ ကြုံတွေ့နေရသော ချင်းစစ်ဘေးရှောင် ဒုက္ခသည်များအတွက် အထူးစိုးရိမ် ပူပန်သောကြောင့် AA အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေး လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်နှင့် ဒေသခံ ပြည်သူလူထုကို နှောက်ယှက်ခြင်း မပြုရန် အလေးအနက် တောင်းဆိုထားသည်။

CNF အနေဖြင့် ရခိုင်တပ်မတော်(AA)အဖွဲ့အား စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန်အတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဆလိုင်းရွှေခါးက ပြောသည်။

လက်ရှိ ပလက်ဝမြို့နယ် ပင်ဆိုကျေးရွာ စစ်ဒဏ်ကြောင့် စစ်ပြေးဒုက္ခသည် ၃၀၀ ကျော်သည် ကုလားတန်မြစ်ချောင်းနဘေးတွင် တဲထိုး၍ ထွက်ပြေး တိမ်းရှောင်နေရမှုများရှိနေသလို၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၄၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။

CNFညီလာခံကို အန္ဒိယနယ်စပ် ဗဟိုဌာနချုပ် ဝိတိုရိယစခန်းတွင် ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ကိုယ်စားလှယ်များ၊ ချင်းအမျိုးသား တပ်မတော်မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် မျိုးနွယ်စုကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊ တက္ကသိုလ် ကျောင်းသား လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်များ၊ လူထုအခြေပြု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ၁၈၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

CNF သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက ပြည်နယ်အဆင့်၊ ထိုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA)တွင် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required