အီးယူမှာ အခြေအနေ ဆိုးရွားနေပြီဟု တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများ ပြောကြား

အီးယူမှာ အခြေအနေ ဆိုးရွားနေပြီဟု တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများ ပြောကြား

ရောမ၊ ဖေဖော်ဝါရီ - ၁၀ ။            ။ ဥရောပသမဂ္ဂ အီးယူမှာ ခက်ခဲသော အချိန်ကာလကို ရင်ဆိုင်ကြုံတွေ့နေရပြီး ရွှေ့ပြောင်းအခြေချနှင့် အကြမ်းဖက်မှုကဲ့သို့သော ပြဿနာများကို ကိုင်တွယ်ရန် အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးက ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားသင့်ကြောင်း အုပ်စု၏ တည်ထောင်သူ ၆နိုင်ငံက ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

အဖွဲ့ဝင်အချို့မှာ ဗြိတိန်ကို ထိန်းထားနိုင်ရန်အတွက် ပေးဆပ်ရမည့် အချုပ်အခြာအာဏာမျှဝေမှုကို ထပ်တိုးအလျှော့ပေးကြတော့မည်မဟုတ်ကြောင်း အီးယူက လက်ခံလာပြီး ရက်သတ္တ တစ်ပတ် အကြာတွင် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် လူဇင်ဘာ့တို့က ၁၉၅၇ ခုနှစ်က အုပ်စုကို တည်ထောင်ခဲ့ရာ ရောမတွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပိုမိုစည်းလုံးသည့် သမဂ္ဂတစ်ခုကို ဖော်ဆောင်ရန် ကတိပြုခဲ့ကြသည်။

‘ဥရောပစီမံကိန်းရဲ့ အခြေအနေကို ကျနော်တို့ စိုးရိမ်နေကြပါတယ်။ အမှန်တကယ်တော့ အလွန်ခက်ခဲတဲ့ အချိန်ကာလကို ရင်ဆိုင်ကြုံတွေ့နေရတာပါ။ ဒီလို အရေးကြီးတဲ့ အချိန်မှာမှ တည်ထောင် သူအဖွဲ့ဝင်တွေအနေနဲ့ တွန်းအားပေးခံနေရတဲ့ အနေအထားကို ခံစားမိလာတာပါ’ဟု ခြောက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲကြေညာချက် တစ်ရပ်တွင် ပြောကြား ခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း ပျက်သုဉ်းသွားသည့် နိုင်ငံများနှင့် စစ်ပွဲများမှ ထွက်ပြေးလာပြီး ဥရောပသို့ စီးဝင်လာနေသည့် သန်းနှင့်ချီသည့် ရွှေ့ပြောင်းအခြေချများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နှင့် ပတ်သက်၍ အီးယူ ၂၈နိုင်ငံ သဘောထားကွဲလွဲနေကြသည့် အခြေအနေ အခင်းအကျင်းတွင် အစည်းအဝေးကို ကျင်းပလာခဲ့ခြင်းပင် ဖြစ်သည်။

အီးယူ၏ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ဗြိတိန်အနေဖြင့် ၎င်း၏ ၄၃နှစ်ကြာ အဖွဲ့ဝင်သက်တမ်းကို ဆက်လက်တိုးချဲ့သွားသင့်သလားဆိုသည်ကို မဲဆန္ဒခံယူပွဲမတိုင်မီတွင် ကင်မရွန်း၏ မဲဆွယ်မှုကို ကူညီရန် အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဥရောပပြည်သူများ၏ ပိုမိုစည်းလုံးသော သမဂ္ဂကို ဖော်ဆောင်ရာတွင် အကန့်သတ်များကို လက်ခံသည့် မူဘောင်တစ်ခုကို ဘရပ်ဆဲနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ သဘောတူခဲ့ကြသည်။

မတူခြားနားသည့် ပေါင်းစည်းမှုလမ်းအသွယ်သွယ်ကို သမဂ္ဂက အသိအမှတ်ပြုထားသော်လည်း ရောမသဘောတူညီချက်ကို ကနဦးလက်မှတ်ထိုးခဲ့ကြသူများကမူ ဥရောပပြည်သူများကြား ပိုမိုစည်းလုံးသော သမဂ္ဂကို ဖန်တီးထူထောင်ရေး လုပ်ငန်းစဉ်ကို ဆက်လုပ်သွားကြဖို့ သန္နိဌာန်ခိုင်မာနေဆဲဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

ရွှေ့ပြောင်းအခြေချ လှိုင်းလုံးကြီးများ မြေထဲပင်လယ်ကိုဖြတ်ကာ ဥရောပသို့ ဝင်ရောက်ရာတွင် တံခါးပေါက်သဖွယ်ဖြစ်သည့် အီတလီတွင် ကျင်းပခဲ့သော အစည်းအဝေးတွင် ဝန်ကြီးများက အီးယူ၏ တုန့်ပြန်မှု အကွဲအလွဲများကို ကျော်လွှားရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ကြသည်။

ယခုရက်သတ္တပတ်တွင် ဟန်ဂေရီနှင့် သြစတြီးယားတို့က မက်ဆီဒိုးနီးယား၊ ဘူဂေးရီးယားတို့နှင့် ဂရိနယ်စပ်၊ သြစတြီးယားနှင့် ဆလိုဗေးနီးယားကြားတို့တွင် နယ်စည်းရိုးခတ်ရန် တောင်းဆိုလာခဲ့ကြရာ အီးယူအဖွဲ့ဝင်နိုင်ငံများကြား လွတ်လပ်စွာ ကူးလူးခွင့် ရှင်ဂျင်သဘောတူညီချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required