တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်ရန် အမေရိကန်နှင့် အိန္ဒိယ စဉ်းစားနေ

တောင်တရုတ်ပင်လယ်တွင် ပူးတွဲကင်းလှည့်ရန် အမေရိကန်နှင့် အိန္ဒိယ စဉ်းစားနေ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၀ ။            ။ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ အငြင်းပွားတောင်တရုတ်ပင်လယ် ပါဝင်နိုင်သည့် ပူးတွဲရေတပ်ကင်းလှည့်မှုပြုလုပ်ရေး အမေရိကန်နှင့် အိန္ဒိယတို့ ဆွေးနွေးနေပြီဖြစ်ရာ ယင်းပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ပြောကြားထားသော တရုတ်ကို ဒေါသဖြစ်စေနိုင်သည်။

စပရက်တလီကျွန်းစုတွင် လူလုပ်ကျွန်း ခုနှစ်ခုကို တရုတ်ကဆောက်လုပ်ပြီးနောက် တင်းမာမှုများ မြင့်တက်နေစဉ် ဒေသတွင်းမဟာမိတ်နိုင်ငံများနှင့် အာရှနိုင်ငံများအနေဖြင့် တရုတ်အားဆန့်ကျင်ရာတွင် ပို၍စည်းလုံးစွာ ရပ်တည်ကြရန် ဝါရှင်တန်က လိုလားနေသည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့် အမေရိကန်တို့သည် စစ်ဘက်ဆက်ဆံရေးမြင့်မားလာပြီး လွန်ခဲ့သည့်နှစ်က ဂျပန်အပါအဝင် ရေတပ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း အိန္ဒိယရေတပ်က အခြားနိုင်ငံတစ်ခုနှင့် ပူးတွဲကင်းလှည့်မှု မလုပ်ဖူးသေးပေ။ ပူးတွဲကင်းလှည့်ရေးနှစ်ဖက် ဆွေးနွေးလျက်ရှိကြောင်း အဆိုပါအမေရိကန်အရာရှိက ပြောသည်။

ထို့အပြင် ယင်းသို့ကင်းလှည့်မှုအား ယခုနှစ်အတွင်း စတင်ရန် နှစ်ဖက်စလုံးက မျှော်လင့်နေသည်ဟုလည်း ၎င်းကပြောသည်။ ကင်းလှည့်မှုမှာ အိန္ဒိယသမုဒ္ဒရာအပြင် တောင်တရုတ်ပင်လယ် တွင်ပါ ဖြစ်နိုင်ကြောင်း အမည်မဖော်သည့်ယင်းအရာရှိက နယူးဒေလီတွင် သတင်းထောက်များကို ပြောသည်။

အဆိုပြုထားသည့် ကင်းလှည့်မှုများ၏ ပမာဏနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ အရာရှိက မပြောကြားခဲ့ပေ။ ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်ထံမှ ချက်ခြင်းသုံးသပ်မှုကို မရရှိပေ။ တရုတ်ကမူ ဝါရှင်တန်သည် လွတ်လပ်စွာမောင်းနှင်မှုကို အကြောင်းပြု၍ ပင်လယ်ရေကြောင်းကို ကြီးစိုးရန်ကြိုးစားနေသည်ဟု ယခုလတွင် စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required